ဒုံးပျံ လွှတ်တင်

February 28, 2019

Airbus နှင့် OneWeb ကုမ္ပဏီတို့ ပူးပေါင်းပြီး ဂြိုဟ်တု ၆ ခုတင်ထားသည့် ဒုံးပျံ လွှတ်တင်

ဥရောပအခြေစိုက် Airbus ကုမ္ပဏီနဲ့ အမေရိကန် အခြေစိုက် OneWeb ကုမ္ပဏီတို့ ပူးပေါင်းပြီး ဂြိုဟ်တု ၆ ခု တင်ဆောင်ထားတဲ့ ဒုံးပျံတခုကို ဖရန့်ဂီအာနာဒေသကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ လွှတ်တင်လိုက်ပါတယ်။ ဖရန့်ဂီအာနာဒေသဟာ တောင်အမေရိက အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ ပြင်သစ်အစိုးရပိုင် ပင်လယ်ရပ်ခြား နယ်မြေတခုပါ။ Airbus နဲ့ OneWeb ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ အဲဒီပရောဂျက်ဟာ အာကာသကနေတဆင့် ကမ္ဘာပေါ်က ဝေးလံခေါင်ဖျားတဲ့ အရပ်မှာနေထိုင်တဲ့ သန်းချီတဲ့ ဒေသခံတွေကို မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ပေးဖို့ပါ။ ဂြိုဟ်တုလွှတ်တင်တာ အောင်မြင်ခဲ့မယ်ဆိုရင် ဒါဟာ ဂြိုဟ်တုဝန်ဆောင်မှုလောကမှာ ခေတ်သစ်တခု စိုက်ထူနိုင်ပါလိမ့်မယ်။  Elon Musk’s SpaceX၊ LeoSat Enterprises နဲ့ ကနေဒါနိုင်ငံ အခြေစိုက် Telesat စတဲ့ ကုမ္ပဏီတွေကလည်း သမားရိုးကျဆက်သွယ်ရေး ဂြိုဟ်တုကြီးတွေထက်စာရင် ကမ္ဘာနဲ့ အနီးဆုံး ဂြိုဟ်ပတ်လမ်းပေါ်ကို ထောင်ချီတဲ့ ဂြိုဟ်တုအသေးလေးတွေ လွှတ်တင်ပြီး အင်တာနက်ဒေတာ ထုတ်လွှတ်နိုင်ဖို့ ကြိုးစားနေကြ ပါတယ်။ OneWeb ကုမ္ပဏီဟာ Airbus၊ Coca-Cola အပါအ၀င် တခြားရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရန်ပုံငွေ မြင့်တင်ခဲ့ပါတယ်။ ရန်ပုံငွေမြင့်တင်တာက ၂၀၂၁ ခုနှစ်မှာ ဂြိုဟ်တု အလုံးရေ ၆၅၀ ကနေ တကမ္ဘာလုံးကို ကြိုးမဲ့ ချိတ်ဆက်စနစ်နဲ့ အင်တာနက် ထုတ်လွှင့်ပေးသွားဖို့ ရည်ရွယ်တယ်လို့ OneWeb ကုမ္ပဏီက ပြောပါတယ်။
2 years Ago
Up