ဒုံးကျည်ပစ်လွှတ်မှု

A d v e r t i s e m e n t With Us

March 10, 2020

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဟု ဂျပန်ပြော

မြောက်ကိုရီးယားက နောက်ဆုံး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ဂျပန်နဲ့ အရှေ့အာရှ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရက ပြောလိုက်ပါတယ်။ ပစ်လွှတ်မှု အတော်များများဟာ ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်ပုံရပြီး ဂျပန်ပင်လယ်ထဲက ဂျပန်ရဲ့ စီးပွားရေး ကင်းလွတ်ဇုန်အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှိဟိဒဲစုငါ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထပ်ခါတလဲလဲ ပစ်လွှတ် စမ်းသပ်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာလူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်တယ်လို့လည်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ အမျိုးအမည် မသတ်မှတ်ရသေးတဲ့ ဒုံးကျည် ၃ စင်းကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းက စွန်ဒေါ့မြို့ကနေ မတ် ၈ ရက်က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်က ပြောပါတယ်။ အဲဒီမြို့မှာ  မြောက်ကိုရီးယားဟာ မနှစ်က စစ်လေယာဉ်ကွင်းကို တည်ထားခဲ့ပြီး ဒုံးကျည်တွေလည်း ပစ်လွှတ်လေ့ကျင့်ဖူးပါတယ်။ ဒါဟာ လုပ်လက်စ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်တာတွေကို ၃ လကြာ ရပ်နားအပြီး အရင်အပတ်ကစလို့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်တာတွေ ပြန်စလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အဲ့စ်တိုးနီးယား၊ ဘယ်လ်ဂျီယံ အစိုးရတွေကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ် ၇ ရက်က တိုင်ကြားခဲ့ပြီး ဒါဟာ ကုလ ဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ ရန်လိုတဲ့ လုပ်ရပ်လို့ ပြောခဲ့ကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမကတော့ လတ်တလော စစ်ရေး လေ့ကျင့်မှုဟာ ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့ မရည်ရွယ်ဘူးလို့ ပြောခဲ့တဲ့အကြောင်း ကြေညာချက်ကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က အရင်အပတ်က ပြောပါတယ်။ မတ်လ ၉ ရက်က ပစ်ခတ်လေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က သတင်းထုတ်လွှင့်ပါတယ်။  စစ်သည်တွေက ဘက်စုံသုံး ဒုံးကျည်ပစ်လွှတ်စနစ် (MLRS) ရဲ့ ပြောင်းလေးခုကနေ ဒုံးကျည် တွေ ပစ်လွှတ်နေပုံနဲ့ အမြောက်တွေ ပစ်ခတ်နေပုံ ဓာတ်ပုံတွေကိုလဲ KCNA သတင်းဌာနက ထုတ်လွှင့်ပြသပါတယ်။   တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ဖြစ်ပုံရတဲ့ ပစ်လွှတ်စမ်းသပ်မှုကို သီတင်းတပတ် အတွင်း ဒုတိယအကြိမ် ပစ်လွှတ်ခဲ့တာပါ။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယား အစိုးရကို အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက ဖြောင်းဖျခဲ့ကြပါတယ်။
12 months Ago
Up