ဒုံးကျည်ပစ်ခတ်မှု

August 31, 2021

ကဘူးလ်လေဆိပ်ကို ချိန်ရွယ်ပစ်ခတ်ခဲ့သည့် ဒုံးကျည် ၅ စီးကို အမေရိကန် ကြားဖြတ်ပစ်ချ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က လေဆိပ်ကို ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၅ စီးကို အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်က သြဂုတ် ၃၀ မနက်မှာ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတယောက်က ပြောပါတယ်။

အမေရိကန်အစိုးရက သူ့ရဲ့ သက်တမ်းအရှည်ဆုံးစစ်ပွဲကို အဆုံးသတ်ဖို့ အာဖဂန်ကနေ တပ်တွေကို အပြီး ဆုတ်ခွာရေး အမြန်လောဆော်နေချိန်မှာ ခုလို ပစ်ခတ်ခဲ့တာပါ။

ဩဂုတ် ၃၀ ရက်နေ့ ဒုံးကျည်တိုက်ခိုက်မှုဟာ ကာတစီးနောက်ကနေ ပစ်လွှတ်လိုက်တာလို့ အာဖဂန် မီဒီယာတွေက ပြောပါတယ်။

ကဘူးလ်မြို့ရဲ့ မတူတဲ့နေရာတွေဆီ ဒုံးကျည် အတော်များများ ထိမှန်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ 

ခပ်လှမ်းလှမ်းက အဆောက်အအုံတွေဆီကနေ မီးခိုးမည်းတွေ အများကြီး အူထွက်နေတဲ့ ရုပ်သံကိုလည်း ရိုက်တာသတင်းဌာနက ရရှိ ထုတ်လွှင့်ပါတယ်။

ဩဂုတ် ၂၉ အစောပိုင်းကလည်း လေဆိပ်ကို တိုက်ခိုက်ဖို့ ရည်မှန်းထားတဲ့ အသေခံဗုံးခွဲသမားပါတဲ့ ကားကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က ဒရုန်းယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်တပ်တွေက လူတွေကို ပိုကယ်ထုတ်ရေး အမြန်လုပ်နေပြီး သြဂုတ် ၃၁ ရက်မှာ တပ်တွေအားလုံး ဆုတ်ခွာလို့မပြီးခင် အိုင်အက်စ် စစ်သွေးကြွတွေက နောက်ထပ် တိုက်ခိုက်မှာကို ပိုတိုးပြီး စိုးရိမ်နေကြပါတယ်။

3 months Ago
Up