ဒုံးကျည်စနစ်သစ်

September 16, 2021

ရထားပေါ်က ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်သစ် မြောက်ကိုရီးယား စမ်းသပ်

ရထားလမ်းမှာ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စနစ်အသစ် တစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ဖော် ကြေညာပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်နေတဲ့ ဘယ်လို တပ်တွေကို မဆို တန်ပြန်တိုက်ခိုက်ဖို့ အလားအလာ အတွက်  အဆိုပါ ဒုံးကျည်ကို ပုံစံထုတ်ထားတာလို့လည်း ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ၄၉၇ မိုင်ကို ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်အတွင်း ပစ်မှတ်တခုကို ထိမှန်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

တောင်ထူတဲ့ဒေသက ရထားလမ်းပေါ် ရပ်ထားတဲ့ ရထားခေါင်မိုးပေါ်ကနေ သံလွင်စိမ်းရောင် ဒုံးကျည်တစီး ပျံတက်နေပုံ ဓာတ်ပုံတွေကိုလည်း အစိုးရ မီဒီယာက ထုတ်လွှင့်ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်အာဏာပိုင်တွေကတော့ မြောက်ကိုရီးယားကနေ ပဲ့ထိန်းဒုံးကျည် ၂ စီး ပစ်လွှတ်တာကို ထောက်လှမ်းသိရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါဟာ နျူကလီးယားထိပ်ဖူး တပ်ဆင် သယ်ဆောင်နိုင်လောက်တယ်လို့  အကဲခတ်တွေက ပြောထားတဲ့ ခရုဇ်ဒုံးကျည်ကို မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်အပြီး ရက်ပိုင်းအတွင်း နောက်ထပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေပါ။

တောင်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာကို စမ်းသပ်တဲ့နေ့နဲ့ တနေ့တည်းမှာပဲ မြောက်ကိုရီးယားက မီးရထားပေါ်ကနေ ပစ်လွှတ်စမ်းသပ် လိုက်တာပါ။ ဒီဒုံးကျည် စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်လေ့လာမှု ရှိမရှိ KCNA က ထုတ်မပြောခဲ့ပါဘူး။

ဒါပေမဲ့ မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနဲ့ လက်ရှိ အာဏာရ အလုပ်သမားပါတီ ပေါ်လစ်ဗျူရိုဥက္ကဋ္ဌ အဖွဲ့ဝင် ပတ်ခ်ဂျွန်ချုံက စမ်းသပ်မှုကို ကြီးကြပ်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ လက်နက်ပြိုင်ပွဲက စိတ်လှုပ်ရှားစရာ ပိုများလာနေပြီး နှစ်ဖက်စလုံးက ပိုမိုစွမ်းဆောင်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တခြားလက်နက်တွေကို ထုတ်ပြလာနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

1 month Ago
Up