ဒုံးကျည်ဖြင့်ပစ်ခဲ့ဟု ဟူသီသူပုန်ပြော

December 4, 2017

ယူအေအီး နျူကလီးယားဓာတ်ပေါင်းဖိုကို ဒုံးကျည်ဖြင့်ပစ်ခဲ့ဟု ဟူသီသူပုန်ပြော

ယီမင်နိုင်ငံအတွင်း ဟူသီသူပုန်အုပ်စုက အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံထဲက နျူကလီးယား ဓာတ်ပေါင်းဖိုကို ဒုံးကျည်နဲ့ပစ်ခဲ့တယ်လို့ ဟူသီတွေက အခိုင်အမာ ပြောလိုက်ပါတယ်။ ယူအေအီးနိုင်ငံထဲက ဆောက်လုပ်ဆဲ နျူကလီးယား စွမ်းအင်သုံး စက်ရုံဆီ ချိန်ရွယ်ပြီး ဒုံးကျည်နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ ရုပ်သံကို ဟူသီတွေရဲ့ မီဒီယာဌာနက ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်လွှင့်လိုက်ပါတယ်။ ယူအေအီးနိုင်ငံကတော့ ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။ ယူအေးအီးနိုင်ငံမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ပိုင်ဆိုင်ပြီး ဘယ်လိုခြိမ်းခြောက်မှုကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်တယ်၊ အယ်လ်ဘာရာကာ နျူကလီးယားစက်ရုံဟာ ဘေးကင်းနေတယ်လို့ ယူအေအီး အရေးပေါ်နဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးဌာနကို ကိုးကားပြီး အစိုးရသတင်းဌာန WAM  က ပြောပါတယ်။ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ဟူသီတွေဟာ ယီမင်မြောက်ပိုင်း အစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ထားပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ဟာ သူတို့ဒုံးကျည်တွေအတွက် ပစ်မှတ်တခုပဲလို့ ဟူသီတွေက ပြောပါတယ်။ ယူအေအီးဟာ ၂၀၁၅ ခုနှစ်တည်းက ဟူသီတွေကို တိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က အဖွဲ့ဝင်နိုင်ငံပါ။ ယူအေအီးကို ချိန်ရွယ်ပစ်ခတ်တဲ့ ဒုံးကျည်ဟာ ဒီနှစ်အတွက် ဒုတိယမြောက်လို့ ဟူသီတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ လနည်းနည်းက သူတို့ဟာ အဘူဒါဘီမြို့ကို ပစ်မှတ်ထားပြီး ဒုံးကျည်တစီးကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
4 years Ago
Up