ဒုံးကျည်အင်ဂျင်တခု

March 19, 2017

ဒုံးကျည်အင်ဂျင်တခု စမ်းသပ်အောင်မြင်ဟု မြောက်ကိုရီးယားပြော (ရုပ်သံ)

မြောက်ကိုရီးယားစစ်တပ်က ပိုပြီးစွမ်းဆောင်ရည်မြင့်တဲ့ ဒုံးကျည်အင်ဂျင်တခုကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာက ဒီနေ့ ကြေညာပါတယ်။ ဒီအောင်မြင်မှုနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နည်းပညာဟာ နောက်ထပ်တဆင့် တက်လှမ်းနိုင်ခဲ့တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်းက ချီးကျူးပြောဆိုခဲ့တဲ့အကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနကပြောဆိုပါတယ်။ ဒီဒုံးကျည်အင်ဂျင်နဲ့ မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာ့အဆင့်မီဂြိုဟ်တုတွေကို လွှတ်တင်နိုင်တော့မယ်လို့လည်း ကင်ဂျုံအန်းကပြောဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာရဲ့ ထုတ်လွှင့်မှုကို သီးခြားအတည်မပြုနိုင်ပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Rex Tillerson တရုတ်နိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီစမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအွန်ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့ပြီး ဒီနေ့ အောင်မြင်မှုနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်ဒုံးကျည်နည်းပညာကို တကမ္ဘာလုံးက မကြာခင် မျက်ဝါးထင်ထင်တွေ့မြင့်ကြရတော့မှာဖြစ်တယ်လို့လည်း ကင်ဂျုံအန်းကပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟာ လတ်တလော သူ့ရဲ့ပထမဆုံး အာရှခရီးစဉ်ထွက်ခွာလာခဲ့ပြီး သူ့ရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာမှုအရှိန် မြင့်တက်နေတာက အဓိက လွှမ်းမိုးနေတာပါ။ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူတွေနဲ့ ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေကတော့ အမေရိကန်နိုင်ငံကို လှမ်းပစ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။ ခေါင်းဆောင် ကင်ဂျုံအန်းကလည်း သူ့နိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည်အဆင့်ကို မကြာခင် စမ်းသပ်ပစ်လွှတ်နိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။
5 years Ago
Up