ဒုံးကျည်ပစ်ခတ်စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

August 30, 2017

ဒုံးကျည်ပစ်ခတ်စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

ဂျပန်ကိုကျော်ပြီး ဒုံးကျည်ပစ်ခတ်စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အီဂျစ်သံအမတ်ကြီး အာမာ အဘယ်လတီက “ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်အရ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို အပြင်းအထန် ရှုတ်ချပါတယ်။ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို ကျော်လွန်ပြီးတော့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှု၊ သြဂုတ် ၂၅ ရက်ကလည်း ပဲ့ထိန်းဒုံးကျည် အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့မှုကို ကုလလုံခြုံရေးကောင်စီက အပြင်းအထန် ရှုတ်ချပါတယ်” လို့ ပြောကြားသွားတာပါ။ “မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ကိစ္စမှာ တကမ္ဘာလုံး တညီတညွတ်တည်းပါပဲ။ သံသယဖြစ်စရာကို မလိုပါဘူး။ မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် လုပ်မိနေတယ်ဆိုတာ သဘောပေါက်ဖို့ အချိန်တန်နေပါပြီ။ ဒီလို ဥပဒေမဲ့လုပ်ရပ်တွေ ဆက်လုပ်နေမှာကို အမေရိကန်က လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျန်ကမ္ဘာ့နိုင်ငံတွေကလည်း အမေရိကန်ဘက်မှ ရပ်တည်နေပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကလည်း ပြောကြားသွားတာပါ။ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ကိုရို ဘတ်ရှိုကလည်း “မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို အလျင်အမြန် ကြေညာချက်ထုတ်ပြန်ပြီး အပြင်းအထန် ရှုတ်ချခဲ့တာကို ဂျပန်အနေနဲ့ ကြိဆိုပါတယ်။ ဒီဒုံးကျည်ဟာ ဂျပန်နယ်နိမိတ်ကို ကျော်ဖြတ်သွားတာပါ။ ဒီလိုလုပ်ရပ်မျိုးတွေ ချက်ချင်းရပ်တန့်ဖို့ ကုလလုံခြုံရေးကောင်စီက  တောင်းဆိုတာကိုလည်း ကြိုဆိုပါတယ်။ ဒီလိုထုတ်ပြန်နို်င်တာဟာ လုံခြုံရေးကောင်စီရဲ့ စည်းလုံးညီညွတ်မှုကို ပြသတာဖြစ်သလို မြောက်ကိုရီးယားရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်မခံဘူးဆိုတဲ့ ရှင်းလင်းထင်ရှားတဲ့ မက်ဆေ့ခ်ျကို ပို့လိုက်တာပဲ ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။
4 years Ago
Up