ဒုံးကျည်စမ်းသပ်မှု ဆက်လုပ်မည်ဟု အီရန်သမ္မတ ကတိပြု

May 23, 2017

ဒုံးကျည်စမ်းသပ်မှု ဆက်လုပ်မည်ဟု အီရန်သမ္မတ ကတိပြု

အီရန်သမ္မတ ဟတ်ဆန်ရောင်ဟာနီက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်လုပ်မယ်လို့ ကတိပြုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဝေဖန်ပြောဆိုအပြီး အီရန်မှာ ပြန်ရွေးကောက်ခံရတဲ့ သမ္မတ ရောင်ဟာနီက အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ အမေရိကန်နဲ့ ဆော်ဒီအာရေဗျကြား လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်တန် လက်နက်အရောင်းအဝယ်ကိစ္စကိုလည်း ဘေးဖယ်ပစ်ဖို့ သူက ကြိုးစားခဲ့ပါတယ်။ ထရမ့်ရဲ့ ဆော်ဒီအလည်အပတ်ခရီးစဉ်ဟာလည်း ဘာတန်ဖိုးမှမရှိတဲ့ နိုင်ငံရေး ဟန်ပြသက်သက်ပဲလို့ ရောင်ဟာနီက ပြည်တွင်းပြည်ပ မီဒီယာတွေရှေ့မှာ ပြောပါတယ်။ ခုလို အစည်းအဝေးတွေ ကျင်းပတာမျိုး၊ စူပါအင်အားကြီးနိုင်ငံကို ငွေတွေ ပုံပေးလိုက်ရုံမျိုးနဲ့ အကြမ်းဖက်ဝါဒကို နှိမ်နင်းမယ်ဆိုတာ လုံးဝ အသုံးမကျမှု သက်သက်ပဲလို့ ရောင်ဟာနီက ပြောပါတယ်။ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသကို နားမလည်ဘူး၊ အီရတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေဟာ အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်နေတာ ဖြစ်ပြီး အီရန်ကတော့ အဲဒီနိုင်ငံတွေဆီ သံတမန်တွေနဲ့ စစ်ဘက်အကြံပေးတွေကို စေလွှတ်တာသာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ အီရန်ဟာ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း သူက အလေးပေး ပြောဆိုပါတယ်။ အီရန်ရဲ့ ဒုံးကျည်တွေဟာ ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအတွက်သာဖြစ်တယ်၊ အမေရိကန်တွေရဲ့ ခွင့်ပြုချက်ကို စောင့်နေမှာ မဟုတ်ဘူးလို့လည်း ရောင်ဟာနီက မှတ်ချက်ပေး ပြောခဲ့ပါတယ်။
4 years Ago
Up