ဒုလ္လဘရဟန်း

May 21, 2020

ထိုင်းဒုလ္လဘရဟန်းတစ်ပါးက သူ့အားနေ့စဉ်ဆွမ်းလောင်းခဲ့သည့် ဆင်းရဲနွမ်းပါး အဘွားအိုအတွက်  တိုက်အိမ်ဆောက်ပေး 

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူရီခရိုင်ထဲမှာ ဒုလ္လဘရဟန်းခံခဲ့သူတစ်ဦးက သူ့ကို မနက်တိုင်းဆွမ်းလောင်းခဲ့တဲ့ အဘွားအိုအတွက် တိုက်အိမ်တစ်လုံး ဆောက်ပေး လိုက်ပါတယ်။  နိုင်းနတ်ထဝုတ် ငူးဆွန် ဆိုသူဟာ ဘန်ကောက်က ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့လက ပရာကျင်းပူရီခရိုင် ကပင်ပူရီမြို့ရှိ ဆာမတ်ခီး ဆမိုးဆွန်ကျောင်းတိုက်မှာ ဒုလ္လဘရဟန်းခံခဲ့ပါတယ်။  ရဟန်းဘဝမှာ ဆွမ်းခံထွက်စဉ် ယိုင်နဲ့နဲ့အိမ်စုတ်တစ်လုံးရှေ့ကနေ မနက်တိုင်း ဆွမ်း လာလောင်းတဲ့ အဘွားအိုတစ်ယောက်ကို သူက သတိထားမိနေပါတယ်။  အဆိုပါ အဘွားအိုဟာ အသက် ၇၀ ရွယ်ရှိ နန်းဆိုဝဖား ဖွန်းလ်ဆင် ဆိုသူဖြစ်ပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်ကာ သားသမီး ၄ ယောက်ရှိပေမယ့် အားလုံးက အဝေးမှာ အိမ်ထောင်အသီးသီး ကျသွားလို့  တဲအိမ်လေးမှာ တစ်ဦးတည်းနေနေ ရတယ်လို့ ဆိုပါတယ်။ အဘွားအိုနေထိုင်တဲ့ တဲစုတ်မှာ အလွန်ယိုင်နဲ့နေပြီး ပြိုကျလာရင် အန္တရာယ်ရှိနိုင်သလို အိမ်သာကလည်း အလွန်စုတ်ပြတ်နေတာကြောင့် ဒုလ္လဘရဟန်းက အဘွားအတွက် အိမ်အသစ်ပြန်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်းနတ်ထဝုတ်ဟာ လူဝတ်လဲပြီးတဲ့နောက်မှာတော့ အဘွားအိုအတွက် အိမ်သစ်ဆောက်ပေးဖို့ ပါဝင်လှူဒါန်းလိုသူတွေကို လူမှုကွန်ယက်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။  ပြိုလုနီးပါး တဲအိမ်ရှေ့က အဘွားအိုရဲ့ပုံကို တွေ့ပြီး သနားကြင်နာသူတွေက အလှူငွေ ထည့်ဝင်ကြရာမှာ စုစုပေါင်း ဘတ် ၂ သိန်းကျော်ရခဲ့ကြောင်း အဲဒီနောက် တဲဆောက်နေခွင့်ပြုတဲ့ မြေပိုင်ရှင်ကို ခွင့်တောင်းပြီး တိုက်အိမ်လေးတစ်လုံးစဆောက်ခဲ့ပါတယ်။  အဆိုပါ အိမ်သစ်ကို နိုင်းနတ်ထဝုတ်က သူ့လုပ်အားနဲ့ ကိုယ်တိုင်ဆောက်သလို နယ်မြေခံစစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စေတနာဝန်ထမ်းတွေလည်း လာရောက်လုပ် အားပေး ကူညီခဲ့ကြပါတယ်။  ဒါကြောင့် နေအိမ်ဟာ ၇ ရက်အတွင်း ဆောက်လုပ်ပြီးစီးသွားပြီး အတွင်းက ပန်ကာ၊ ခုတင်၊ မွေ့ယာ၊ ရေခဲသေတ္တာအစရှိတဲ့ ပရိဘောဂတွေပါ ထည့်တွက်ရင် ဘတ် ၃ သိန်းခန့်ကုန်ကျကြောင်း၊ စေတနာရှင်တွေလှူတဲ့ငွေက ၂ သိန်းကျော်ပြီး ကျန်တာကို သူတစ်ဦးတည်း စိုက်လှူလိုက်တယ်လို့ နိုင်းနတ်ထဝုတ်က ပြောပါတယ်။  အဘွားအိုကို အိမ်အပ်နှင်းပွဲနဲ့ အိမ်သစ်တက်ပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သပ်ရပ်လှပတဲ့အိမ်သစ်ကလေးကိုကြည့်ပြီး အဘွားဖြစ်သူက ဝမ်းသာလွန်းလို့ အယောင်အယောင် အမှားမှားဖြစ်ကာ ငိုချင်လာကြောင်း၊ အခုလို ကံကောင်းတဲ့ ဆုလာဘ်ကြီးကို မြန်မြန်ရရှိမယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူးလို့ ပြောပါတယ်။ အိမ်နီးနားချင်းတွေကတော့ အဘွားဟာ မနက်တိုင်းဘုန်းကြီးဆွမ်းလောင်းတာ အဲဒီကု သိုလ်အကျိုးကို ပြန်ရပြီလို့ပြောပါတယ်။ နိုင်းနတ်ထဝုတ်ကလည်း “ အဘွားအိမ်မက်ထဲကထွက်ခဲ့တော့၊ ဒါဟာ အိပ်မက်မဟုတ်ဘူး။ အဘွားအိမ်သစ်ရဖို့ စိတ်ကူးယဉ်ခဲ့တယ်မဟုတ်လား။ အမှန်တကယ်ဖြစ်နေတာ” လို့ ပြောခဲ့ပါတယ် ။ နေအိမ်အတွက် ပါဝင်လှူဒါန်းသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ စိတ်ပါလက်ပါ စေတနာအပြည့်နဲ့ လာရောက် ဆောက်လုပ်ကူညီပေးသူ တပ်ဖွဲ့ဝင်တွေ နဲ့ စေတနာဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း နိုင်းနတ်ထဝုတ်က ပြောပါတယ်။  ကိုးကား -  ThaiPBS / AmarinTV 
11 months Ago
Up