ဒုမြို့​တော်ဝန်​

December 25, 2020

ရန်ကုန် ဈေးကြီးအချို့ပြန်ဖွင့်ရေး ကိုဗစ်​ကော်မတီညွှန်ကြားချက်အတိုင်း လုပ်မည်ဟု ဒုမြို့​တော်ဝန်​ ပြော

ရန်ကုန်​မြို့ လက်လီလက်ကား​စျေးကြီးဖြစ်တဲ့ ယုဇနပလာဇာအပါအဝင် ​စျေးကြီးတချို့ ပြန်ဖွင့်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆီ တင်ပြထားပြီး ​စျေး​တွေပြန်ဖွင့်​ရေးကို ကိုဗစ်​ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း လုပ်​ဆောင်သွားမယ်လို့ ရန်ကုန်မြို့​တော်စည်ပင် ဒုမြို့​တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီကို​ပြောပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က အဝတ်အထည်၊ ဖုန်း စတဲ့ ကုန်ပစ္စည်း​တွေ​ လက်လီလက်ကားရောင်းတဲ့ ယုဇနပလာဇာကို ဇန်နဝါရီ ၆ ရက်နေ့နဲ့ မင်္ဂလာစျေး၊ ဗိုလ်ချုပ်စျေး တို့ကလည်း ဇန်နဝါရီလပထမပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။ ​စျေး​တွေကို ကိုဗစ်​ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ပြန်ဖွင့်ခွင့်​ပေးရမှာဖြစ်​ကြောင်း၊ ​စျေးကြီး​တွေ ​ရေရှည်ပိတ်ထား​တော့ ​စျေးသူ​စျေးသား​တွေအ​နေနဲ့ ပြန်ဖွင့်ချင်​ကြောင်း၊ လတ်တ​လောမှာလည်း ကိုဗစ်ကူးစက်နှုန်းက ပြန်ကျလာ​ပေမဲ့ ဒီလကုန်အထိ​တော့ ဘာညွှန်ကြားချက်လာမလဲ ​စောင့်ကြည့်ရမယ်လို့ ဒုမြို့​တော်ဝန်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ​သြဂုတ် ၁၆ ရက်​နေ့က တကျော့ပြန် ကိုဗစ်၁၉​ရောဂါကူးစက်မှု ပြန်လည်​တွေ့ရှိကာ ကူးစက်မှု အရှိန်မြင့်လာပြီး​နောက် စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး လူစည်ကားတဲ့ ရန်ကုန်မြို့က စျေးကြီးတွေကို ပိတ်ထားတာ ၃ လနီးပါးရှိသွားပြီဖြစ်ပါတယ်။ လတ်တ​လောမှာ ​စျေး​တွေက သားငါးတန်း၊ စား​သောက်ကုန်တန်း၊ မီးဖို​ချောင်သုံး ပစ္စည်းအ​ရောင်းဆိုင် စတာ​တွေကို ဖွင့်ခွင့်​ပေးထားပြီး ပြန်ဖွင့်ခွင့်​တောင်းဆိုတဲ့ ​စျေးကြီး​တွေနဲ့ပတ်သက်လို့ ကျန်းမာ​ရေးဌာနကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။ 
10 months Ago
Up