ဒုမဲရုံမှူး

A d v e r t i s e m e n t With Us

November 28, 2020

ဧရာဝတီတိုင်းတွင် ဒုမဲရုံမှူး ကျောင်းဆရာအပါဝင် စုစုပေါင်း ၁၁၇ ဦး ရောဂါပိုးတွေ့

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါပိုးတွေ့တဲ့အထဲ ပုသိမ်မြို့မှာ ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာ ပါဝင်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လူမူကွန်ရက်မှာ ရေးသားထားပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာဟာ အထက ၅ မှာ ဒုမဲရုံမှူးအဖြစ် ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က လစာထုတ် သွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဖျားနာပြီး အနံ့မရတာ ၃ ရက်ရှိလို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့ သာသနာ့ဗိမာန်မှာဖွင့် လှစ်ထားတဲ့ Fever Clinic ကို လာရောက်ပြသလို့ ရောဂါပိုးစစ်ဆေးချိန်မှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့တာဖြစ်ပြီး ပုသိမ်တိုင်းရင်းဆေးရုံကြီးမှာ ရောဂါကုသမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့ မြို့နယ်တွေကတော့ မော်ကျွန်းမြို့မှာ ၅၂ ဦး၊ ကျိုက်လတ် ၁၃ ဦး၊ ဒေးဒရဲ ၁၂ ဦး၊ ဖျာပုံ ၁၁ ဦး၊ ဓနုဖြူ၊ ညောင်တုန်းနဲ့ ကျုံပျော်မှာ ၆ ဦးစီ၊ ပုသိမ် ၄ ဦး၊ မြောင်းမြ ၃ ဦးနဲ့ ဟင်္သာတမှာ ၂ ဦးစီ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်ထိ အတည်ပြုလူနာ ၂၇၁၁ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၁၉၃၆ ဦးရှိကာ သေဆုံးလူနာ ၁၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
2 months Ago

November 7, 2020

တောင်သာတွင် ကိုယ်စားမဲထည့်မှုအား လက်ခံခဲ့သည့် ဒုမဲရုံမှူးကို အမှုဖွင့်တိုင်ကြား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တဲယာကျေးရွာမှာ ကာယကံရှင်မဟုတ်ဘဲ ကိုယ်စားမဲထည့်တာကို လက်ခံပေးခဲ့တဲ့ ဒုမဲရုံမှူးကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့က အသက် ၆၀ နဲ့အထက် သက်ကြီး ကြိုတင်မဲတွေ ကောက်ခံရာမှာ အမှန်တကယ် မဲဆန္ဒပြုရမယ့်သူတွေကိုယ်စား သမီးတွေက ကိုယ်စား မဲပေးခဲ့တာကို လက်ခံပေးခဲ့တဲ့ ဒုတိယ မဲရုံမှူး ဒေါ်အေးအေးချစ်အား ‌အမှုဖွင့်တိုင်ကြားခဲ့တာလို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ဦးသောင်းလှိုင်က ပြောပါတယ်။ “၂၉ ရက်နေ့မှာ အသက် ၆၀ အရွယ် လူတွေကို ကျနော်တို့ မဲစာရင်းကို တအိမ်ဆင်း တအိမ်တက် လည်ကောက်ပါတယ်ခင်ဗျ။ လည်ကောက်တဲ့အချိန်မှာ ကာယကံရှင်မရှိဘဲနဲ့ မဲထည့်ပစ်တာပါ။ ကာယကံရှင်နှစ်ဦးကတော့ ဒေါ်ရွှေမြနဲ့ ဦးဘတိုးရဲ့အစား ဒေါ်ရွှေမြရဲ့ သမီး မညို ခေါ် မြမြလှိုင်က၊ နောက်တခါ ဦးဘတိုးရဲ့သမီး မဖြူက မဲကို ထည့်ပါတယ်။ ထည့်တဲ့ခါမှာ ကျနော်တို့က သိသွားတယ်။ အဲဒီနှစ်ယောက်ရဲ့ အိမ်မှာလည်း မဟုတ်ဘူး ထည့်တာက။ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးလုပ်တဲ့ ဦးတင်မောင်ညွန့် ခေါ်  ဦးပေါစံရဲ့ နေအိမ်မှာ သူတို့က ထည့်ပစ်တာ။” မဲဆန္ဒရှင်တွေဖြစ်တဲ့ ဒေါ်ရွှေမြနဲ့ ဦးဘတိုးတို့ဟာ တခြားကျေးရွာတွေမှာ ရောက်နေကြတာလို့ ဆိုပါတယ်။  အခုလို ကိုယ်စား မဲထည့်တာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ချက်ချင်း ညှိနှိုင်းဖြေရှင်းမှု မရရှိတာကြောင့် နိုဝင်ဘာ ၅ ရက်နေ့က အမှုဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။ တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်က “မနက်ဖြန်ကျမှ သေချာပြန်ပြီးတော့ စိစစ်ရမှာတွေ၊ ခုကတော့ နယ်တွေဆင်းနေလို့” လို့ ပြောပါတယ်။ အခုလို တိုင်ကြားထားတဲ့အပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အတွင်းရေးမှူး၊ တာဝန်ကျ မဲရုံမှူး၊ တိုင်ကြားခံရတဲ့ ဒုမဲရုံမှူးနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံစစ်ဆေးမှာဖြစ်ပြီး သုံးသပ် စစ်ဆေးတွေ့ရှိချက်အပေါ်မှာ ခရိုင်ကော်မရှင်ဆီက အကြံဉာဏ်ရယူကာ အဆင့်ဆင့် ဆောင်ရွက်မယ်လို့ သိရပါတယ်။ အမှုဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ စခန်း တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်ပြေမှု မရရှိခဲ့ပါ။ သတင်း - ထိန်ထိန်လင်း
3 months Ago
Up