ဒုတိယအတည်ပြုလူနာ

October 24, 2020

ကယားတွင် ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိ

ကယားပြည်နယ်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။ အဆိုပါ အတည်ပြုလူနာဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှာ သွားရောက်အလုပ်လုပ်သူဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့က ကယားပြည်နယ်ကို ပြန်လည်ဝင်ရောက်လာတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဖြစ်ပါတယ်။ ပြန်လာစဉ်ကတည်းက သူ့ကို လွိုင်ကော်ပညာရေးကောလိပ် ကွာရန်တင်းစင်တာမှာ ထားရှိခဲ့တာပါ။ မနေ့က သူရဲ့ နှာခေါင်းတို့ဖတ်ကိုယူပြီး တောင်ကြီးဓာတ်ခွဲဌာန ပို့ဆောင်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီ ကျန်းမာရေးဌာနရဲ့ အတည်ပြုလူနာထုတ်ပြန်ချက်အရ ပိုးတွေ့ခဲ့တာဖြစ်ကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “၁၄ ရက်နေ့က ရန်ကုန်ကနေပြီးတော့ ရန်ကုန်ကနေ တယောက်တည်း ကားငှားလာပြီး ပြန်လာတယ်တဲ့။ ဟိုတယောက်လိုပဲ။ ကျနော်တို့ ဝါရီကောခူဂိတ်ရောက်တော့ ကားက ပြန်သွားတယ်။ ရွှေလွိုင်ကော် (ပရဟိတ)က ကြိုတယ်။ ၅ နာရီခွဲ ၆ နာရီထိုးခါနီးမှာ ကျနော်တို့ ပညာရေးကာလိပ် ကွာရန်တင်းကို ပို့တယ်။ ၁၄ ရက်နေ့က သူ ရောက်တာ။ ကျနော်တို့က ၂၂ ရက်နေ့က swab ယူတယ်။ ၂၃ ရက်နေ့ အခု ဒီနေ့ အဖြေထွက်တယ်။ ပိုးတွေ့တယ်ပေါ့။” အဆိုပါ အတည်ပြုလူနာဟာ ကျန်းမာရေးကောင်းမွန်နေပြီး သူ့ကို လွိုင်ကော်ပြည်သူ့ဆေးရုံက ကိုဗစ်-၁၉ ပိုးတွေ့လူနာထားဖို့ ပြင်ဆင်ထားတဲ့ နေရာကို ပို့ဆောင်ကုသပေးနေတယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။ ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ပထမဆုံးကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၂,၃၆၅ ယောက်၊ သေဆုံးသူ ၁,၀၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၂,၄၅၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2 years Ago
Up