ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တိုပီဒိုကြောင့် နစ်မြုပ်ခဲ့သည့် အမေရိကန်စစ်သင်္ဘော အစိတ်အပိုင်း ရှာတွေ့

August 22, 2017

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တိုပီဒိုကြောင့် နစ်မြုပ်ခဲ့သည့် အမေရိကန်စစ်သင်္ဘော အစိတ်အပိုင်း ရှာတွေ့

ဒုတိယကမ္ဘာစစ်ပွဲ နောက်ဆုံးနေ့မှာ ဂျပန်ရေငုပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ တိုပီဒိုကြောင့် နစ်မြုပ်သွားခဲ့တဲ့ အမေရိကန်စစ်သင်္ဘောရဲ့ အစိတ်အပိုင်းကို ပင်လယ်ရေအောက် ပေ ၁၈,၀၀၀ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယူအက်စ်အက်စ် အင်ဒီယာနာပိုလိစ် (USS Indianapolis) လို့ခေါ်တဲ့ အဲဒီစစ်သင်္ဘောဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို ကြဲချမယ့် အနုမြူဗုံးနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေကို ပို့ဆောင်ခဲ့အပြီး အပြန် ၁၉၄၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့က မြောက်ပစိဖိတ်သမုဒ္ဒရာမှာ ဂျပန်ရေငုပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ တိုပီဒိုကြောင့် နစ်မြုပ်သွားခဲ့တာပါ။ ဒီစစ်သင်္ဘောဟာ ပစ်ခတ်ခံရပြီး ၁၂ မိနစ်အတွင်း နစ်မြုပ်သွားကာ သင်္ဘောသား ၁၁၉၆ ဦးမှာ ၈၀၀ သာ သင်္ဘောနစ်မြုပ်ရာကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလွတ်မြောက်သူ ၈၀၀ ထဲက လူ ၃၁၆ ဦးသာ အသက်ရှင်နိုင်ခဲ့ပါတယ်။ ကျန်လူ ၄၀၀ ကျော်ကတော့ ရေဓာတ်ဆုံးရှုံးတာ၊ ရေနစ်သေဆုံးတာ၊ ငမန်းဘေးအန္တရာယ်မျိုးတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ “ကျေန်ာတို့ အခုလို ကြိုးစားပမ်းစား လုပ်ရတာက ရေအောက် ရှေးဟောင်းသုတေသနအတွက် နမူနာအနေနဲ့ လုပ်တာဖြစ်သလို ဒီသင်္ဘောနဲ့အတူ နစ်မြုပ်သွားတဲ့ သတ္တိနဲ့ပြည့်စုံသူတွေအတွက်ပါ" လို့ မိုက်ကရိုဆော့ဖ်ကော်ပိုရေးရှင်း ပူးတွဲတည်ထောင်သူ ပေါလ်ဂျီအလန်က ပြောကြားပါတယ်။ “လူတွေအနေနဲ့ ဒီရေတပ်သားတွေရဲ့ သူရဲကောင်းဖြစ်မှု၊ သူတို့ရဲ့သတ္တိကို အလေးအနက် ထားစေချင်ပါတယ်။ သူတို့ဟာ တိုပီဒိုနဲ့ ပစ်ချခံရပြီး မနစ်မြုပ်ခင် အရင်ကတည်းက တာဝန်ထမ်းခဲ့ကြတာပါ။ ဒီသင်္ဘောဟာ ပစိဖိတ်စစ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်ရေး ကြယ် ၁၀ ပွင့်ရသင်္ဘော ဖြစ်ပါတယ်” လို့ ရေတပ်သမိုင်းနဲ့ အမွေအနှစ်ရေးရာဌာန ဒါရိုက်တာ ရေတပ်အရာရှိဟောင်း ဆမ်ကောက်စ်က ပြောပါတယ်။
4 years Ago
Up