ဒုက္ခသည်များကို

January 27, 2017

ဒုက္ခသည်များကို အမေရိကန် ပိတ်ပင်မှု အဓိပ္ပာယ်မရှိဟု လူ့အခွင့်အရေးအဖွဲ့ကြီး ပြော

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က အမေရိကန်ရဲ့ ဒုက္ခသည်တွေကို ယာယီပိတ်ပင်မှုဟာ ရက်စက်ပြီး အကျိုးအကြောင်းရော အဓိပ္ပာယ်ပါ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေအတွက် တံခါးပိတ်လမ်းစဉ်၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ချုပ်ချယ်ကန့်သတ်မှုတွေ အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ထိတ်လန့်မိတယ်လို့ ပြောပါတယ်။ အခြေခံဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအတွက် ရပ်တည်ဖို့နဲ့ အစိုးရသစ်အပေါ် ကြီးကြပ်မှုတွေလုပ်ဖို့ အမေရိကန်အောက်လွှတ်တော်ကိုလည်း HRW ရဲ့ အမှုဆောင်ညွှန်မှူး ကဲနက် ရို့သ်က ဆော်သြခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတလျှောက် တံတိုင်းဆောက်ရေးစဖို့နဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ထိန်းချုပ်ရေးကို ရည်မှန်းပြီး အမိန့်ကို လက်မှတ်ထိုးဖို့ မျှော်လင့်ထားပါတယ်။ ကျူးဘားမှာရှိတဲ့ အမေရိကန်ပိုင် ဂွါတာနာမို အကျဉ်းထောင်ကို လူပြန်ဖြည့်မှာ HRW က စိုးရိမ်နေတာပါ။ အဲဒီထောင်ထဲမှာ တရားရုံးမတင်ဘဲ ဖမ်းဆီးထားတဲ့ အကြမ်းဖက်မှု သံသယရှိသူ ၄၁ ဦးကို ထိန်းသိမ်းထားပါတယ်။ အရင်သမ္မတ ဘားရက်အိုဘားမားက ဒီထောင်ကို ပိတ်ပစ်ဆိုတဲ့ကတိ မတည်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်လက်ထက် နိုင်ငံခြားမှာထားတဲ့ လျှို့ဝှက်ထောင်တွေကို ရည်ညွှန်းပြီး စီအိုင်အေရဲ့ အမှောင်ခြမ်းနေရာတွေကို ဒေါ်နယ်ထရမ့်က စလေ့လာမယ့်အမိန့်ကို မျှော်လင့်ထားတယ်လို့လည်း ရို့သ်က ပြောပါတယ်။ ပိုလန်၊ လတ်ဗီးယား၊ ရိုမေးနီးယား၊ မော်ရိုကို၊ အီဂျစ်၊ ဂျော်ဒန်၊ ထိုင်းနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ လျှို့ဝှက်ထောင်တွေ ရှိနေပြီး တချို့ထောင်သားတွေ နှိပ်စက်ခံခဲ့ရပါတယ်။ ဒီနိုင်ငံတွေက အမေရိကန်ရဲ့ နှိပ်စက်ရေး အစီအစဉ်သစ်တွေ ဘယ်တခုနဲ့မှ ကြံရာပါမလုပ်ဖို့ကိုလည်း ဆော်သြလိုက်ပါတယ်။
5 years Ago
Up