ဒုက္ခသည်များ

A d v e r t i s e m e n t With Us

May 24, 2019

ထိုင်းနယ်စပ်က ဒုက္ခသည်များနေရပ်ပြန်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNHCR မဟာမင်းကြီး ဆွေးနွေး

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ခုနှစ် ဇွန် ၆ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ နားလည်မှုစာချွန်လွှာအရ အသိုက်အဝန်းအခြေပြု စီမံကိန်းလုပ်ငန်းတွေ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတွေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီစခန်းတွေမှာ နေထိုင်နေတဲ့ ဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိစ္စ၊ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို UNHCR က ကူညီပံ့ပိုး ပေးနိုင်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး  မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုဖွင့်လှစ်ထားပြီး လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့ အစီအစဉ်နဲ့   နို့ဖိုးဒုက္ခ သည်စခန်းကဒုက္ခသည်တချို့ ပထမဆုံးအကြိမ် ဆန္ဒအလျောက် တရားဝင်နေရပ်ပြန်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဓာတ်ပုံ- အတိုင်ပင်ခံရုံး
2 years Ago

July 24, 2018

ဒုက္ခသည်များ နေရပ်ပြန်ရေး အားစိုက်လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးပွဲကို မနေ့က ကျင်းပပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျောက် ပြန်လာနိုင်ရေး အားစိုက်ဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့ လူမှုစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနဲ့ နေရပ်ပြန်နိုင်ရေး ချောမွေ့အောင် ကူညီဆောင်ရွက်ပေးဖို့  ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တိုက်တွန်းကြောင်းနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ် လွတ်လပ်ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ ဆက်လက် ဖိအားပေးသွားမယ်လို့လည်း လုံခြုံရေးကောင်စီကိုယ်စား ဆွီဒင်သံအမတ်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။ ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာပြည်ဆိုင်ရာ အထူးသံတမန် ခရစ္စတင်း ရွှာနာဘာဂီနာလည်း တက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်ခေါ်ချင်တယ်ဆိုတာကို မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ကြေညာထားပြီးဖြစ်တယ်၊ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား  တင်းမာမှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အရမ်းကို အပြုသဘောဆောင်၊ အရမ်းကို ပွင့်ပွင့်လင်းလင်းနဲ့  အရမ်းရင်းရင်းနှီးနှီးရှိတဲ့အကြောင်း၊ ရခိုင်အရေး အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း သိရှိတဲ့အကြောင်းလည်း ပြောပါတယ်။ မစ္စဘာဂီနာဟာ ပြီးခဲ့တဲ့ ဧပြီလက ကုလအထူးသံအဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လက ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး လာမယ့် စက်တင်ဘာလလောက်မှာ မြန်မာနိုင်ငံကို နောက်ထပ်တကြိမ် သွားရောက်ဖို့ အစီအစဉ်ရှိသလို နေပြည်တော်မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ ရုံးဖွင့်လှစ်ဖို့လည်း ရှိနေပါတယ်။ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ အပါအဝင်  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုးကား-အေပီ
3 years Ago
More News
Up