ဒုက္ခသည်မိန်းကလေးများ

April 26, 2017

ဒုက္ခသည်မိန်းကလေးများ လိင်ကျွန်ပြုခံရမှုနှင့် အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာပြုလုပ်ခိုင်းနေတာဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ခရိုင်ဝန်လည်း ပါဝင်ပတ်သက်ကြောင်း ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသူရဲ့ မိခင်ဖြစ်သူက စွပ်စွဲလိုက်ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ သမီးဖြစ်သူကိုယ်တိုင် မူးယစ်သားကောင်ဖြစ်ပြီး ပြည့်တန်ဆာဘဝ ရောက်ခဲ့ရသူ မိခင်တဦးဖြစ်တဲ့ နန်းနမ့်ဖစ်ခ်ျက မယ်ဟောင်ဆောင်ရှိ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာပြုနေတာဟာ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဖြစ်ပြီး မိန်းကလေးကို ဝယ်ယူသူတွေထဲမှာ ခရိုင်ထဲက နံပါတ်(၁) အကြီးဆုံးပုဂ္ဂိုလ် ခရိုင်ဝန်ပါ ပါဝင်ကြောင်း သတင်းဌာနတွေကို ပြောခဲ့သလို ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုပါ တိုင်ကြားခဲ့ပါတယ်။ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာပြုသူထဲမှာ ခရိုင်ဝန်၊ ခရိုင်ဒု-ရဲမှူး၊ ပညာရေးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာနက လူကြီးတွေနဲ့ တခြားရဲအရာရှိတွေ ပါဝင်ကြောင်း၊ ရှာဖွေပို့ဆောင်ပေးသူတွေမှာ အောက်ခြေရဲဝန်ထမ်းနဲ့ ပြည့်တန်ဆာခေါင်း အမျိုးသမီး ၂ ဦးဖြစ်ကြောင်း အပြုခံရသူ ကာယကံရှင် မိန်းကလေးတွေကိုယ်တိုင် ပြောပြခဲ့တယ်လို့ တိုင်တန်းသူ နန်းနမ့်ဖစ်ခ်ျက သတင်းထောက်တွေကို ပြောပါတယ်။ နန်းနမ့်ဖစ်ခ်ျက သူမဟာ မယ်ဟောင်ဆောင်ခရိုင် မူးယစ်နှိမ်နင်းရေးလုပ်ငန်းမှာ လျှို့ဝှက်စုံထောက်အဖြစ် နှစ်ပေါင်း ၂၀ ကျော် ပူးပေါင်းဆောင်ရွက်ပေးနေသူဖြစ်လို့ အစိုးရအရာရှိကြီးတွေဟာ မိန်းကလေးငယ်တွေကို ခေါ်ယူပြည့်တန်ဆာပြုနေတာ သိရှိကြောင်း၊ အဲဒီထဲမှာ သူ့သမီးလည်း ပါနေတာကိုတော့ လုပ်ဖော်ကိုင်ဘက် ရဲဝန်ထမ်းတဦးမှတဆင့် ၂၀၁၆ မေလကမှ သိခဲ့ရတာလို့ ဆိုပါတယ်။ လုပ်ဖော်ကိုင်ဘက် ရဲဝန်ထမ်းမှ ဧည့်သည်တော် လူကြီးတွေကို ဖျော်ဖြေပေးဖို့ အခေါ်ခံရတဲ့ မိန်းကလေး ၃ ဦးရဲ့ဓာတ်ပုံ ပြခဲ့ရာမှာ သမီးရဲ့ပုံကို အံ့သြထိတ်လန့်စွာ တွေ့ခဲ့ရကြောင်း၊ သူမက သမီးကို သေချာအောင် ပြန်မေးရာမှာ အပေါင်းအသင်းကြောင့် စိတ်ကြွဆေးသုံးမိပြီး မူးယစ်ဆေးသုံးတဲ့ဓာတ်ပုံနဲ့ နမ့်ဖိန်းဒင်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ယုဒ်တချိုင်းက ခြိမ်းခြောက်ကာ ပြည့်တန်ဆာပြုခဲ့တာလို့ ပြောပါတယ်။ သူမဟာ သူလျှိုတဦးဖြစ်တာကြောင့် လုံခြုံရေးစခန်းမှာပဲ အနေများပြီး သမီးနဲ့ အမြဲအတူမနေရကြောင်း၊ သမီးကို မေးရာမှာတော့ သူ အဲဒီဘဝရောက်တာ အသက် ၁၇ နှစ်အရွယ် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းကဖြစ်ပြီး ဘဝတူ မိန်းကလေး ၂၀ လောက်ရှိကာ လူကြီးတွေကို ဖျော်ဖြေပေးဖို့ အောက်ခြေရဲဝန်ထမ်းနဲ့ ပြည့်တန်ဆာခေါင်းတွေက စီစဉ်ပေးတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ နန်းနမ့်ဖစ်ခ်ျက သူ့အထက်အရာရှိ မူးယစ်ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တိုင်ပင်တဲ့အခါ ဒီကိစ္စ အရေးယူဆောင်ရွက်ဖို့ မယ်ဟောင်ဆောင်ရဲတပ်ဖွဲ့ကြား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ကြောင်း၊ သူမရော ရဲတပ်ကြပ်ကြီး ယုဒ်တချိုင်းပါ စုံစမ်းရေးအဖွဲ့ထဲ ပါခဲ့ကာ ရဲမှူးက ယုဒ်တချိုင်းကို ကိုယ်တိုင်တရားခံလုပ်မလား၊ တရားခံ ပြည့်တန်ဆာခေါင်းကို ဖမ်းဆီးပေးမလားလို့ မေးရာမှာ ယုဒ်တချိုင်းက ပြည့်တန်ဆာခေါင်းကို ဖမ်းပေးမယ်လို့ ပြောခဲ့ပေမယ့်  အကြောင်းအမျိုးမျိုးပြပြီး  မဖမ်းဆီးဘဲ ရှောင်ဖယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီကြားထဲမှာ သူ့အထက်ရဲအရာရှိကလည်း ဒီပြဿနာဟာ သူတို့အသိုင်းအဝိုင်း အချင်းချင်းကြား ဖြစ်နေတာမို့ အမှုကို ဖုံးဖုံးဖိဖိနဲ့ ပြီးသွားအောင်လုပ်ဖို့ နားချခဲ့သလို တဘက်ကလည်း မိန်းကလေးတွေကို ခေါ်ယူဖျော်ဖြေခဲ့တဲ့ ဌာနဆိုင်ရာ အရာရှိတွေက လူကုန်ကူးမှု၊ ပြည့်တန်ဆာမှုတွေနဲ့ ပတ်သက်ပြီး အရေးယူခံရမယ့်အရေး စိုးရိမ်ကာ ဘတ်ငွေ ဆယ်သန်းအထိ စုပေါင်းထည့်ဝင်ကာ အမှုဖုံးကွယ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သူမက ဆက်ပြောပါတယ်။ သူမကတော့ ဒီအမှုကို မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးရုံးရှိ ဆွန်ဒမ်းလုန်းထမ်းလို့ခေါ်တဲ့ ပြည်သူ့ဟစ်တိုင်ဌာနကိုရော အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်ကိုပါ တိုင်ကြားခဲ့ကြောင်း၊ အဲဒီဌာနတွေကလည်း တနှစ်နီးပါးကြာတဲ့အထိ ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ဘန်ကောက်ကိုသွားပြီး ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စ တစိုက်မတ်မတ် စုံစမ်းစစ်ဆေးနေကြောင်း၊ ရဲတပ်ကြပ်ကြီး ယုဒ်တချိုင်းကို ဖရဲ့ခရိုင်သို့ ပြောင်းရွှေ့မိန့်ပေးခဲ့ကြောင်း ဧပြီ ၂၂ မှာ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် လက်ခံရရှိတဲ့ ထိုင်းနိုင်ငံ လက်ထောက်မြို့နယ်ဦးစီးမှူးများ သမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ နိုင်းဘွန်းရလစ် နိပေါင်စနစ်ကတော့  သူ့အနေနဲ့ ဒီအက်စ်အိုင် (အထူးမှုခင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့) ကို တိုင်ကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သည်နေရှင်းသတင်းမှာတော့ ဒီအမှုဟာ ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ပါ ပါဝင်ကိုင်တွယ်ရမယ့် အခြေအနေထိရောက်နေပြီး ရဲတပ်ကြပ်ကြီး ယုဒ်တချိုင်းလည်း  ရာထူးမှဖြုတ်ချခံရကာ မယ်ဟောင်ဆောင်မှ ပြည့်တန်ဆာခေါင်း အမျိုးသမီး ၂ ဦးနဲ့အတူ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မယ်ဟောင်ဆောင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီလို့ ဆိုပါတယ်။ မယ်ဟောင်ဆောင်က ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အကြီးအကဲတို့ရဲ့ နှစ်ရှည်လများ အကျင့်ပျက်မှုကို အခုလို သတင်းမီဒီယာတွေကနေတဆင့် ဖွင့်ချလိုက်တဲ့ နန်းနမ့်ဖစ်ခ်ျကတော့ ခုလောလောဆယ် သူမကို နောက်ယောင်ခံလိုက်တာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေကြောင်း၊ သူ့အနေနဲ့ အသက်အန္တရာယ်ပါ အပြုခံရနိုင်မယ်ဆိုတာ တွက်ချက်ထားတယ်လို့ ထိုင်းရတ်တီဗွီ အင်တာဗျူးမှာ ပြောသွားပါတယ်။
4 years Ago
Up