ဒုက္ခသည်လှေမှောက်

October 9, 2019

အီတလီတောင်ပိုင်း၌ ဒုက္ခသည်လှေမှောက်ပြီး အမျိုးသမီးအလောင်း ၁၃ လောင်း ဆယ်ယူရရှိ

အီတလီနိုင်ငံတောင်ပိုင်း၊ လမ်ပေဒူဆာကျွန်း၊ ကမ်းရိုးတန်းရေပြင်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ ကြပ်ညပ်အောင် တင်လာတဲ့ လှေတစီး တိမ်းမှောက်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်နေ့မှာတော့ အမျိုးသမီးအလောင်း ၁၃ လောင်းကို ဆယ်ယူရရှိခဲ့ပါတယ်။  မြေထဲပင်လယ်ထဲကို ဖြတ်ကျော်ခရီးနှင်လာတဲ့ အဲဒီလှေကနေ အသက်ရှင်ကျန်ရစ်သူ ၂၂ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပေမယ့် လူအသေအပျောက် များမှာကိုတော့ စိုးရိမ်နေကြပါတယ်။ တူနီရှားနိုင်ငံကနေ စတင်ထွက်ခွာလာတဲ့ အဲဒီလှေဟာ လူအယောက် ၅၀ လောက် တင်ဆောင်လာပြီး သူတို့အားလုံးနီးပါးဟာ တူနီးရှားနဲ့ အာဖရိကအနောက်ပိုင်းက ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် လိုက်ပါလာတဲ့ အဲဒီလှေဟာ ရာသီဥတု ဆိုးရွားတာကြောင့် လမ်ပီဒူဆာကျွန်း ကမ်းရိုးတန်းကနေ ရေမိုင် ၆ မိုင်အကွာလောက်မှာ တိမ်းမှောက်သွားခဲ့တာပါ။ လက်ရှိမှာတော့ ဒုက္ခသည်လှေ တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ အီတလီ အာဏာပိုင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
2 years Ago
Up