ဒီးမော့ဆို

June 12, 2021

ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေး

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ လက်နက်မဲ့ အရပ်သားပြည်သူတွေကို ပစ်ခတ်နေလို့  ရွာသား ၁၀၀၀၀ ကျော် အိုးစွန့်အိမ်စွန့် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက  ဇွန်လ ၁၁ ရက် နေ့ခင်းပိုင်းလောက်ကတည်းက စပြီး အမြောက်တွေနဲ့ပါ ပစ်ခတ်နေလို့ ပြည်သူတွေ တနေရာပြီး တနေရာ ပြောင်းရွှေ့ထွက်ပြေးနေရတယ်လို့ ဒေသခံ ကျောင်းဆရာတစ်ဦးက Nikkei Asia သတင်းဌာနကို ပြောကြားပါတယ်။

“ဒီမှာအင်တာနက်တွေလည်းဖြတ်ထားတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အဲ့ဒီကျောင်းဆရာက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကယားပြည်နယ်မှာ ခုလိုဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ပြေးဖို့တောင်လမ်းမရှိတော့ဘူးလို့  စစ်ဘေးရှောင်ပြည်သူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း “လေယာဉ်ကိုတွေ့တာနဲ့ ကျမကြောက်လွန်းလို့ ဒီဘက်ကို ထပ်ပြီးပြေးလာရတယ်။ သူတို့က ပြည်သူမှန်းမသိတော့ဘူး။ လူမှန်းမသိတော့ဘူး။”လို့ ပြောပါတယ်။

ဇွန်လ ၁၁ ရက်မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့  ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးသွားပြီး  ၂ ဦး ဒဏ်ရာ အပြင်းထန်ရ ရှိခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်  ကယားပြည်နယ်မှာတစ်ခုလုံးမှာ  စစ်ဘေးရှောင် အရေအတွက် သိန်းချီရှိလာနေပြီး  သူတို့တွေရဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာနေစရာ  အခက်အခဲနဲ့ လိုအပ်ချက်တွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ 

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာတော့  စစ်ဘေးရှောင်ပြည်သူတွေအတွက်  အလှူရှင်တွေထံမှ ပေးပို့လှူဒါန်းတဲ့  ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို  ဇွန်လ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂက ထုတ်ပြန်ပါတယ်။ 

PhotoCredit-KNDF

1 week Ago

June 9, 2021

ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ နေအိမ်တွေအများအပြား ပျက်စီးဆုံးရှုံးသွားပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့နယ် ထွီလီးဘီလာရွာအနီး တောင်ပေါ်မှာ တပ်စွဲထားပြီး လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီးမော့ဆိုနဲ့ လွိုင်ကော်အခြေစိုက် တပ်ရင်းတွေကလည်း  မနေ့ညနေ ၆ နာရီကျော်အထိ အမြောက်လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရာမှာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ  ဒေါငံခါးရပ်ကွက်အပါအဝင် ရပ်ကွက်တချို့မှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မနေ့မွန်းလွဲ ၂ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ဆိုဒဲခူကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲ ၂ နာရီကျော် ဖြစ်ပွားခဲ့ပါတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

အကြမ်းဖက်တပ်ဖွဲ့ဝင် အင်အား ၄၀၀ လောက်ဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့ဘက်ကနေ ရှမ်းပြည်နယ်၊ ဆီးဘူးရွာကို ဖြတ်ကျော်ကာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ ဝင်လာနေတဲ့ အတွက် ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လုံခြုံရေး သတိရှိကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Photo Credit - KNDF

2 weeks Ago
More News
Up