ဒီကေဘီအေ နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ် (ရုပ်သံ)

July 26, 2015

ဒီကေဘီအေ နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ် (ရုပ်သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဆင်ကုန်းကျေးရွာနားမှာ အစိုးရတပ်၊ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီတို့ တိုက်ပွဲဖြစ်ပွားပြီး ဒီကေဘီအေတပ်သား ၁ ဦး သေ ဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ဘားအံမြို့ကို ပြန်မယ့် ဒီကေဘီအေတပ်သား ၃ ဦးကို နယ်ခြားစောင့်နဲ့ အစိုးရတပ်ဖွဲတို့ ပူးပေါင်းပြီး ကော့ကရိတ်မြို့နယ် ဆင်ကုန်းကျေးရွာထဲမှာ ပစ်ခတ်ခဲ့တာပါ။ ဒီကေဘီအေ တပ်သား ၃ ဦး ရွာထဲဝင်လာတယ်ဆိုတဲ့ ကြိုတင် သတင်းရထားတာကြောင့် ပြားပင်ရွာ နယ်ခြားစောင့်တပ်က ဦးစီးပြီး ဆင်ကုန်းရွာထဲကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။ ဒီကေဘီအေတပ်သားတွေ ရှိနေတဲ့အိမ်ကို သွားရောက် ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ နှစ်ဘက်ပစ်ခတ်ခဲ့တာပါလို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့၊ တပ်ရင်း ၁၀၁၅ ဗိုလ်ကြီးဖော့ပယ်က “ကျနော်တို့ ပြားပင်ရွာထဲမှာနေတာ၊ သူတို့ဒီကိုရောက်နေတဲ့ သတင်းကြားတော့ လာခဲ့တာပါ။ ရောက်လာတော့ ပစ်ခတ်မှုစတင်ဖြစ်တာပဲ။ ပစ်ကြတော့ သေနတ် ၃ လက် သိမ်းဆည်းရမိပါတယ်။ ကျန်တာ ဘာမှမရှိဘူး၊ အမှန်ဆိုရင် ကျနော်တို့ လာရောက်ပြီး ဆွေးနွေးဖို့ ကြိုတွေးထားပါတယ်။ လာရောက်တော့ ပစ်ကြပြီး ထွက်ပြေးတယ်ဆိုတော့ ဒါကတော့ ရန်သူလို့ပဲ ဆိုရမှာပါ” လို့ ပြောပါတယ်။ ပစ်ခတ်မှုအပြီးမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ၃ ဦးက တကွဲတပြားစီထွက်ပြေးကြပြီး ၂ ဦး လွတ်မြောက်ခဲ့ပါတယ်။ ကျန်တဦးကတော့ ရေထဲမှာ ပုံးရှောင်နေရင်း အသေဖမ်းမိခဲ့ပါတယ်။ ပစ်ခတ်မှုကြာင့် ရွာသားတွေ ထိခိုက်တာ မရှိပေမယ့် အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ ဆင်ကုန်းကျေးရွာနေ ဦးအောင်တင်က ပြောပါတယ်။ “လိုက်-လိုက် ဒီမှာပဲ ဒီမှာပဲဆိုပြီး ပစ်တာပဲ။ ပစ်တော့ ကျနော်က ထမင်းပန်းကန်နဲ့ ပြေးဆင်းပြီးတော့ အိမ်အောက်မှာ ထိုင်နေတာ။ ပစ်နေပြီး ခဏငြိမ်သွားတော့ တို့လူတွေ ထိကြမယ်နော် ထိကြမယ်ပြောပြီး သိပ်မကြာဘူး တခါပြန်ဝင်လာပြီး ထပ်ပစ်တယ်။ ရွာသားတွေက ဟိုပြေးပုန်း၊ ဒီပြေးပုန်းနဲ့။ ရွာသားတွေ ထိခိုက်မှုတော့ မရှိဘူး။” သေနတ် ၃ လက် သိမ်းဆည်းရမိပြီး နယ်ခြားစောင့်တပ် တပ်နယ် ၃ တာဝန်ခံဗိုလ်မှူးကြီး ကတုံးစီကို ပြန်လည်အပ်နံလိုက်ပါတယ်။ သေဆုံးသွားတဲ့ ဒီကေဘီအေ တပ်သားအလောင်းကိုတော့ ဆင်ကုန်းကျေးရွာနားမှာပဲ မြှုပ်နံခဲ့ပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တပ်စွဲထားတဲ့ ဒီကေဘီအေ တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင် ၂  ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေက လုံခြုံရေး တိုးမြှင့်ချထားလာတာကြောင့် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
6 years Ago
Up