ဒီယာဘီ

October 2, 2019

နာရီခိုးယူခဲ့သည့် ပြင်သစ်ကလပ် နိုက်စ် တိုက်စစ်မှူး ဒီယာဘီ ထုတ်ပယ်ခံရ

ပြင်သစ်ကလပ် နိုက်စ်တိုက်စစ်မှူး ဒီယာဘီဟာ အသင်းဖော်ရဲ့နာရီကို ခိုးယူခဲ့လို့ ထုတ်ပယ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့တပတ်က နိုက်စ်အသင်းမှာ ပေါင် ၆၂၀၀၀ တန်  နာရီတလုံး ပျောက်ဆုံးခဲ့တာပါ။ တိုက်စစ်မှူး ကတ်စ်ပါ ဒေါဘက်ချ်ရဲ့ တန်ဖိုးကြီး နာရီ အခိုးခံခဲ့ရတာဖြစ်ပြီး ဘယ်သူ ခိုးယူသလဲဆိုတာ တပ်အပ်မသိပေမယ့်လည်း အသင်းက လူငယ်တိုက်စစ်မှူး လာမိုင်းဒီယာဘီကို မသင်္ကာသူအဖြစ် စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။  နောက်ပိုင်းမှာတော့ လူငယ်တိုက်စစ်မှူး ဒီယာဘီက နာရီခိုးယူခဲ့မိကြောင်း ဝန်ခံခဲ့ပြီး အသင်းဘက်က အရေးယူတဲ့အနေနဲ့ စာချုပ်ဖျက်သိမ်းပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့လည်း ရာဇဝတ်မှုနဲ့ အမှုဖွင့် တိုင်ကြားဖို့တော့မရှိဘူးလို့ သိရပါတယ်။ ဒီလိုကိစ္စမျိုးကို အသင်းဘက်နေ နားလည်ခွင့်လွတ်ပေးဖို့ မဖြစ်နိုင်တာကြောင့် စာချုပ် ဖျက်သိမ်းပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ကြောင်း နိုက်စ်အသင်း တရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်ရှိ ဒီယာဘီဟာ အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့်ကစားသမားတဦးဖြစ်ပြီး ပြင်သစ်ယူ ၁၆၊ ယူ-၁၇ နဲ့ ယူ-၁၈ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ဖူးပါတယ်။ ဒီယာဘီအနေနဲ့ အသင်းကနေ စာချုပ်ဖျက်သိမ်းခံခဲ့ရပေမယ့်လည်း လိဂ် ၂ က ပဲရစ်အသင်းဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up