ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း (၁)

A d v e r t i s e m e n t With Us

February 21, 2016

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း (၃)

ပြတ်ပြတ်သားသား အရေးယူမှု လက်ရှိ ဒီမိုကရေစီ နိုင်ငံသစ်တွေနဲ့ မတူဘဲ အမေရိကန် ပြည်ထောင်စုမှာ အရေးကြီးတဲ့ အားသာချက် တရပ်က ရဲတပ်ဖွဲ့ အင်အားကောင်းပြီး ဥပဒေအတိုင်း လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်း ရှိတာပါ။ အမေရိကန်ပြည် လွတ်လပ်ရေး မရခင် အင်္ဂလိပ်ခေတ်ကတည်းက အခြေတကျ ရှိခဲ့တဲ့ ကိုလိုနီစနစ်ရဲ့ “ကောင်းမွေ” တခုလို့ ဆိုနိုင်ပါတယ်။ အမေရိကန် အစိုးရ ဆင့်ဆင့်၊ အဆက်ဆက်ဟာ ရဲအင်အားကို လုံလောက်အောင် အားဖြည့်ထားခဲ့လို့ ဘယ်အဆင့်မှာ ဖြစ်ဖြစ် အပြစ်ရှိသူကို အရေးယု နိုင်စွမ်းရှိခဲ့ပါတယ်။ တရားမျှတသော ဥပဒေ တဖက်တွင် ဥပဒေတွေရဲ့  လေးစားဖွယ်ကျိုးကြောင်း ဓမ္မ (legitimacy) ကလည်း ရဲတပ်ဖွဲ့ကို အားဖြည့်ပေးရာ ရောက်ပါတယ်။ လှည့်နေလှေအောင်း မကျန် မှန်ကန်တဲ့ အာဏာစက် သက်ရောက်ဖို့ အကြောင်း ဖြစ်လာပါတယ်။ တရားဥပဒေ စိုးမိုးမှု (rule of law) ဟာ လာဘ်ပေးလာဘ်ယူ လိုမျိုး ကိစ္စတွေကို ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။  အစိုးရအရာရှိများရဲ့ အမူအကျင့်ဟာ ဒီလိုမျိုး မက်လုံးအပေါ် မူတည်ပါတယ်။ သူတို့ အလုပ်အတွက် လုံလောက်တဲ့ လစာ ရရှိခြင်း သက်သက်ကို ဆိုလိုတာ မဟုတ်ဘဲ၊ ဥပဒေကို ချိုးဖောက်တဲ့အခါ အပြစ်ပေးခံရမယ်ဆိုတဲ့ အသိတရား ကိန်းအောင်းနေဖို့ လိုပါတယ်။ နိုင်ငံအတော်များများမှာ အခွန်ငွေ မပေးကြဘဲ၊ လက်သိပ်ထိုးကြတဲ့ ကိစ္စဟာ  ဥပဒေ ချိုးဖောက်သူကို ထောင်ထဲ ပို့တဲ့ ကိစ္စမျိုး နည်းပါးတာနဲ့ သက်ဆိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုကို ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လို့ အောင်မြင်မှု ရခဲ့တဲ့ လောလောလတ်လတ် နိုင်ငံတခုက ဂျော်ဂျီယာ ပါ။ ၂၀၀၃ နှင်းဆီ တော်လှန်ရေးအပြီးမှာ မီးခေး ဆာကက်ရှ်ဗေလီ ခေါင်းဆောင်တဲ့ အစိုးရက နယ်ပယ်မျိုးစုံမှာ အမြစ်တွယ်နေတဲ့  လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ခဲ့တယ်။ ယာဉ်ထိန်းရဲအဖွဲ့၊ အခွန်တိမ်းရှောင်မှု၊  ဥပဒေ လက်တလုံးကြား ရာဇ၀တ်သားတွေ အရေးကို ကိုင်တွယ်ခဲ့တယ်။ တချို့ ကိစ္စရပ်တွေကို ပွင့်လင်းမြင်သာမှု၊ အပေါင်းလက္ခဏာ လက်တွေ့ခြေလှမ်း (ဥပမာ အစိုးရနှင့် ဆိုင်တဲ့ အချက်အလက်တွကို အွန်လိုင်းပေါ် တင်ခဲ့တာမျိုး။ ရဲအဖွဲ့ လစာကို တိုးပေးခဲ့တာမျိုး) နဲ့ အစပြုဆောင်ရွက်ခဲ့တယ်။ ပိုပြီး အရေးကြီးပြီး ထိထိရောက်ရောက် ကိုင်တွယ်တဲ့ နည်းလမ်းက အစိုးရ အဆင့်မြင့် အရာရှိတွေ၊ နာမည်ကြီး စီးပွားရေးသမားတွေကို ဖမ်းဆီးအရေးယူဖို့ အထူးရဲအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး လာဘ်ပေး လာဘ်ယူမှုကို ထိန်းချုပ်ရာမှာ လူ့အဖွဲ့အစည်းအတွင်းက စိတ်နေစိတ်ထားတစုံလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဥပမာ အနေဖြင့် မိမိဌာနတခုလုံး လာဘ်ပေးလာဘ်ယူ ကိစ္စကို ထမင်းစားရေသောက် လုပ်နေတဲ့ အခြေအနေမှာ ကိုယ်တယောက်တည်းက မပတ်သက်ဘူးဆိုရင် အရူးတယောက်များ ဖြစ်သွားမလား ဆိုတဲ့ အတွေးဝင်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖျောင်းဖျ နားချတဲ့ နည်း၊ မက်လုံးပေး ဆွဲဆောင်တဲ့ နည်းလမ်းကို မစဉ်းစားပါနဲ့။ အကြောက်တရားသည်သာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဂျော်ဂျီယာကိုပဲ ပြန်ကြည့်ရင် နှင်းဆီ တော်လှန်ရေး မတိုင်ခင်က ဆိုဗီယက်ပြည်ထောင်စုမှာ လာဘ်ပေးလာဘ်ယူမှု အဆိုးဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ အနည်းဆုံး စာရင်းဝင် နိုင်ငံ ဖြစ်သွားပါပြီ၊ ဥပဒေအတိုင်း ပြတ်ပြတ်သားသား မကိုင်ဘဲ ထိရောက်တဲ့ အစိုးရမျိုး ဖြစ်ဖို့ စိတ်ကူးယဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပွင်လင်းမှုသာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ အစိုးရကောင်းကို တည်ဆောက်မယ်ဆိုရင်လည်း အရေးယူ ဆောင်ရွက်မှု အပိုင်းကို ပြတ်ပြတ်သားသား မကိုင်တွယ်ရင် ကြိုးစားသမျှ အချည်းအနှီးပဲ ဖြစ်သွားပါလိမ့်မယ်။ ဆင်မြူရယ် ဟန်တင်တန်က Political Order in Changing Societies စာအုပ်မှာ လူထုနှိုးထမှု အရှိန်အဟုန်နဲ့ အလိုက်သင့် ပြောင်းလဲနိုင်စွမ်း မရှိတဲ့ နိုင်ငံရေး စနစ်တခုဟာ အဆုံးသတ်မှာ ၀ရုန်းသုန်းကား အခြေဆိုက်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ လိုက်လျှောညီထွေ မရှိတဲ့ နိုင်ငံတော် ယန္တယားဟာလည်း အလိုက်သင့် ပြိုကျသွားနိုင်ပါတယ်။ နောက်ဆုံး အဆင့်နှစ်ဆင့် ရှင်သန်အားကောင်းသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာ နောက်ထပ် အရေးကြီးသော အဆင့် နှစ်ဆင့် ကျန်ပါသေးတယ်။  အိုးနင်းခွက်နင်း လူမှု နှိုးထမှုကို စည်းကမ်း မူဘောင်သွင်းရတဲ့ ကိစ္စတွေပါပဲ။ ပထမအဆင့်ကတော့ လူမှုနှိုးကြား လှုပ်ရှားသူတွေကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲပြီး ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေဟာ အရေးတခု (issue) ကို အာရုံစိုက်တာ များပြီး နိုင်ငံရေး ပါတီများလို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို အရယူဖို့အထိ မကြိုးစားကြပါဘူး။ အကျိုးဆက်တခုကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ လစ်ဘရယ် အုပ်စုတွေဟာ အားမကောင်းဘဲ အရှုံးနှင့် ကြုံရတတ်ပါတယ်။ အသွင်ကူးပြောင်းခါစ နိုင်ငံတွေ ရုရှား အစ၊ ယူကရိန်း အလယ်၊ အီဂျစ် အဆုံး သင်ခန်းစာတွေကို ထုတ်ယူနိုင်ပါလိမ့်မယ်။ ဒုတိယ အဆင့်ကတော့ နိုင်ငံတော် တည်ဆောက်ရေးနဲ့ နိုင်ငံတော် စွမ်းဆောင်ရည် ကိစ္စနဲ့  ဆိုင်ပါတယ်။ ဒီမိုကရက်တစ် အစိုးရတရပ် ဖြစ်လာရင် လက်တွေ့ အုပ်ချုပ်ရပါမယ်။ တဖက်က ဥပဒေ ဘောင်အတွင်းက အာဏာစက်ကို အသုံးပြုရသလို တခြား တဖက်မှာ ပြည်သူ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိလာပါတယ်။ ဒီမိုကရေစီ အစိုးရဖြစ်နေလည်း လူထု မျှော်လင့်ချက်ကို မဖြည့်ပေးနိုင်ရင် တရားဝင်မှု ဆုံးရှုံးရမှာ ဓမ္မတာ ပါပဲ။ အမေရိကန် ပြည်ထောင်စု သမိုင်းကို ကြည်ရင်လည်း ခေတ်မီ နိုင်ငံတော်ကို မတည်ဆောက်ဘဲ ဒီမိုကရေစီဘက်ကို ဇောင်းပေးလွန်းလို့ အစိုးရ အရည်အသွေး ကျဆင်းတာကို တွေ့နိုင်ပါသည်။ ဒီလိုဆိုလို့ ခေတ်မီ နိုင်ငံတော်ကို အာဏာရှင်စနစ်အောက်မှာပဲ တည်ဆောက်နိုင်မယ်လို့ မဆိုလိုပါဘူး။ အချက်အလက်အရ ကြည့်ရင်တော့ အခြေကျပြီးသား ဒီမိုကရေစီ နိုင်ငံတွေဟာ နိုင်ငံတည်ဆောက်ရေးက ရှေ့၊ ဒီမိုကရေစီက နောက်က လိုက်ခဲ့ကြတာ အမှန်ပါပဲ။ ဒီလမ်းကြောင်းကို ဟန်တင်တန်က “အာဏာရှင်မောင်းနှင်းသော အသွင်ကူးပြောင်းရေး” (authoritarian transition) လို့ အမည်ပေးပါသည်။ သို့သော်လည်း မျက်မှောက်ခေတ်မှာ ပြည်သူတို့ရဲ့ ဒီမိုကရေစီကို တောင့်တတဲ့ အာသီသ၊ ဒီမိုကရေစီအပေါ် မျှော်လင့်ချက်က မြင့်မားလွန်းတာကြောင့် ယခင်လမ်းကြောင်းအတိုင်း လိုက်လို့ မရတော့ပါဘူး။ ဒါကြောင့် အဆိုးလို့ပဲ ယူယူ၊ အကောင်းလို့ပဲ ပြောပြော ဒီနေ့ ကမ္ဘာ့နိုင်ငံတွေ အတော်များများအတွက် ခေတ်မီနိုင်ငံ တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ အင်စတီ ကျူးရှင်း၊ ဥပဒေ စိုးမိုးမှု အသက်ဝင်အောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် နှစ်ခုလုံးကို တချိန်တည်း တပြိုင်တည်းမှာ လုပ်ဆောင်ရုံက လွဲလို့ တခြား နည်းလမ်း မရှိပါဘူး။ နေသွင်
5 years Ago

February 4, 2016

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း (၁)

(ယခုစာတမ်းကို နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက ရေးသားပြီး ၂၀၁၅ ဇန်န၀ါရီထုတ် ဒီမိုကရေစီဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။) အဓိပ္ပါယ်ဖွင့်ဆိုချက်တချို့ (၁) လစ်ဘရယ် ဒီမိုကရေစီ ခေတ်မီ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံလို့ ပြောမယ်ဆိုရင် (၁) နိုင်ငံဖြစ်တည်မှု (State)၊ (၂) တရားဥပဒေ စိုးမိုးရေး (Rule of Law)၊ (၃) ဒီမိုကရေစီ (Democratic Accountability) ဆိုတဲ့ အဓိက အင်္ဂါကြီးသုံးရပ် (တနည်း) အင်စတီကျူးရှင်း သုံးရပ်ကို ပေါင်းစပ်ထားရပါတယ်။ အရင်ဆုံး နိုင်ငံဖြစ်တည်မှု (State) ကို အလွယ်ရောက်အောင် ပြောမယ်ဆိုရင် နယ်မြေ ပိုင်နက်တခုလုံးအပေါ် တရားနည်းလမ်းကျပြီး ထိရောက်နိုင်တဲ့ အာဏာဗဟိုချက် ရှိတာကို ဆိုလိုပါတယ်။ အဲဒီ အာဏာဗဟိုချက်ဟာ ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံနယ်မြေထဲမှာ နေထိုင်တဲ့ လူမှုအသိုင်းအ၀ိုင်းကို ပြင်ပအနှောင့်အယှက်တွေ ရန်ကနေ အကာကွယ်ပေးဖို့၊ ဥပဒေကို အသက်ဝင်အောင် ကျင့်သုံးဖို့၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းတဲ့ အာဏာမျိုးကို ဆိုလိုပါတယ်။ ဒုတိယအင်္ဂါရပ်က တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင် ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီး ကျင့်သုံးတဲ့အခါမှာ သာမန်ပြည်သူတွေ အတွက်ချည်း မဟုတ်ဘဲ အာဏာကို ထိန်းချုပ်ထားတဲ့ လူတွေကလည်း မဖြစ်မနေ လိုက်နာရတဲ့ စနစ်ဖြစ်ပါတယ်။ နောက်ဆုံး အင်္ဂါရပ်ကတော့ ဒီမိုကရေစီအရ တာဝန်ခံမှု ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အစိုးရဟာ အစဉ်သဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားရပါတယ်။ လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားကို အလုပ်အကျွေးပြုတာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းစဉ်အရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲနည်းလမ်းနဲ့ အစိုးရကို ရွေးကောက်တင်မြှောက်ရပါတယ်။ ဒါပေမယ့် ဒီနည်းဟာလည်း အစဉ်သဖြင့် အာမခံနိုင်တာ မဟုတ်ဘူး ဆိုတာကိုလည်း နားလည်ထားဖို့ လိုပါတယ်။ ပြန်ချုပ်တဲ့အခါမှာ လစ်ဘရယ် ဒီမိုကရေစီဆိုတာ ဒီလို သဘောသဘာဝအရ ဆန့်ကျင်ဘက် သဘောဆောင်တဲ့ အင်္ဂါရပ်တွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်က အာဏာစက်ကို သုံးတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီတို့က အာဏာအလွဲသုံးစား မဖြစ်အောင် ထိန်းညှိပေးတယ်။ နိုင်ငံတော်ရဲ့ အာဏာဟာ ပြည်သူလူထု အကျိုးစီးပွားအတွက်ပဲ ဖြစ်အောင် ထိန်းကြောင်း တည့်မတ်ပေးတယ်။ ဒီလို ထိန်းကြောင်းမှု မရှိပြန်ရင်လည်း အစိုးရဟာ အာဏာအလွန်အကျွံသုံးပြီး အာဏာရှင်နိုင်ငံ ဖြစ်မယ်။ အစိုးရဆိုပြီး ဘာအာဏာမှ မရှိပြန်ရင်လည်း မင်းမဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်။ ဆင်မြူရယ် ဟန်တင်တန် (Samuel Huntington) ရဲ့ အယူအဆအရတော့ နိုင်ငံတနိုင်ငံဖြစ်ဖို့ဆိုရင် အာဏာစက်က အရင်လာပြီး အထိန်းက နောက်ကလိုက်တယ်လို့ ဆိုတယ်။ အလက်ဇန်ဒါး ဟမ်မင်တန် (Alexander Hamilton) ကလည်း “ထိရောက်မှုမရှိသော အုပ်ချုပ်ရေးစနစ်ဟူသည်မှာ ညံ့ဖျင်းသော အစိုးရ၏ အခြား အမည်နာမဖြစ်သည်” လို့ ဆိုခဲ့တယ်။ (၂) ခေတ်သစ် ဘ၀ရှင်မင်းတြားကြီးတွေ အဖေအရိုက်အရာကို သားက ဆက်ခံလေ့ရှိတဲ့ ပဒေသရာဇ် နိုင်ငံတွေနဲ့ ခေတ်မီနိုင်ငံတို့ကြားက အရေးကြီးတဲ့ ခြားနားချက်တခုကို ဆက်ပါမယ်။ ခေတ်မီနိုင်ငံတွေမှာ ကျောသားရင်သား ခွဲခြားတာမရှိ (impersonal)၊ လူတိုင်းမှာ တန်းတူအခွင့်အရေး ရှိတယ်။ နိုင်ငံသားတယောက်ကို အစိုးရမင်းနဲ့ ဘယ်လို ပတ်သက်သလဲ၊ လူကြီးဆီ ဘယ်လောက်ပေါက်၊ ဘယ်လောက် အကပ်ကောင်းသလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ဆက်ဆံတာမျိုး မဟုတ်ဘူး။ ပဒေသရာဇ်နိုင်ငံတွေကတော့ ပြောင်းပြန်။ အစိုးရမင်းများက ပြည်သူတွေရဲ့ ဘ၀ရှင် မင်းတြားတွေ ဖြစ်တယ်။ ပြည်သူတွေက ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲ သတ်ရင်လည်း သေရမယ့် တိရစ္ဆာန်မျိုးခွဲဘ၀မျိုး အဆင့်ကို လျော့ကျနေတယ်။ အုပ်ချုပ်သူ လူတန်းစားရဲ့ အကျိုးစီးပွားကပဲ၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားလိုလို ဒွေးရောယှက်တင် ဖြစ်နေတယ်။ ဒီနေ့ခေတ်မှာ အဖေ့အရိုက်အရာကို သားကဆက်ခံတဲ့ နိုင်ငံတော်တွေ မရှိသလောက် ရှားသွားပါပြီ။ ရှေးဟောင်းခေတ်က ပုံစံမျိုး ရေမြည့်သခင် ဘ၀ရှင်မင်းတြားကြီးတွေ အဖြစ်လည်း ပေါ်ပေါ်တင်တင် စံစားတော်မူဖို့ ဘယ်သူမှ မရဲကြတော့ပါဘူး။ ဒီလိုနဲ့ ခေတ်သစ် နိုင်ငံတော်ပုံမျိုး ဖမ်းထားတဲ့ ဘ၀ရှင်မင်းတြားနဲ့ အပေါင်းအပါတွေ အုပ်ချုပ်တဲ့ နိုင်ငံတွေ ဝေစားမျှစား ခေတ်သစ် ငတက်ပြားတွေက ပြည်သူ့အကျိုးကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တည်ဆောက်ထားတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ ပေါ်လာတယ်။ ဒါကို ဖူကူယားမားက (Neopatrimonial State) လို့ ခေါ်ပါတယ်။ ကလပ်တိုကရေစီ (kleptocracies) လို့ ခေါ်ရမယ့် ခေတ်သစ် ငတက်ပြားနိုင်ငံတွေဟာ ဒီမိုကရေစီဂိုက်မျိုး ဖမ်းထားနိုင်ပါတယ်။ ဒါပေမယ့် အတွင်းသဘောကတော့ ၀ိသမလောဘဂိုဏ်းဝင် နိုင်ငံရေးသမားတွေနဲ့ နောက်လိုက်အပေါင်းအပါ တစုဟာ တိုင်းပြည်နဲ့ ပြည်သူ့မျက်နှာကို မငဲ့ကွက်ဘဲ တိုင်းပြည်မှာ ရှိရှိသမျှ သယံဇာတ အရင်းအမြစ်တွေကို ခွဲဝေခိုးဝှက် လုယက်စားသောက်ကြတဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ အများကောင်းကျိုးဆိုတဲ့ ပရဟိတစိတ်ဓာတ်နဲ့ မဟုတ်တော့ဘဲ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ အတ္တဟိတ စိတ်ဓာတ်နဲ့ နိုင်ငံရေးလောကထဲကို ၀င်သွားကြတာ ဖြစ်ပါတယ်။ (၃) အာဏာနှစ်မျိုး နိုင်ငံတော် တည်ဆောက်မယ်ဆိုရင် အာဏာစက်ဆိုတာ မပါရင် မဖြစ်တဲ့ အင်္ဂါတရပ်ပါပဲ။ အကြောက်တရားတွေနဲ့ အမုန်းတွေကို ပေါက်ဖွားစေတဲ့ အခါမျိုးလည်း ဖြစ်တတ်ပါတယ်။ မိုက်ကယ်မန်း (Michael Mann) က ဆန့်ကျင်ဘက် အာဏာနှစ်မျိုးကို ခွဲခြားပြတယ်။ ရက်စက်ကြမ်းကြုတ်သော အာဏာ (Despotic Power) နဲ့ စီမံအုပ်ချုပ်သောအာဏာ (Infrastructural Power) ဆိုပြီး ရှိတဲ့အထဲက ပထမ အမျိုးအစားက နိုင်လိုမင်းထက် အာဏာပြ အနိုင်ကျင့်မှုကို ကိုယ်စားပြုပြီး ဒုတိယအမျိုးအစားက ပြည်သူ့အကျိုးစီးပွား၊ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ ဆိုးယုတ်တဲ့ အစိုးရက ကောက်ကျစ်တဲ့ အာဏာစက်ကို လူတစုအကျိုးအတွက် ကျင့်သုံးပြီး ကောင်းမြတ်တဲ့ အစိုးရက အများပြည်သူအကျိုးကို ရှေ့ရှုပြီး အခြေခံကျကျ  စီမံအုပ်ချုပ်တယ်ဆိုတာက ရှင်းပါတယ်။ အထက်မှာ ဆိုခဲ့တဲ့အတိုင်းပဲ နိုင်ငံတနိုင်ငံ ဖြစ်တည်မှုအတွက် အာဏာစက်ကတော့ မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ အောင်မြင်တဲ့ နိုင်ငံတွေမှာတော့ အာဏာစက်ဟာ သြဇာအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ပြည်သူတွေကိုယ်တိုင်က အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ တရားနည်းလမ်းကျတယ်လို့ ယုံကြည်လက်ခံတဲ့အတွက် အတင်းအကျပ် နည်းလမ်းတွေကို သုံးစရာမလိုဘဲ မိမိသဘောဆန္ဒအရ လိုက်ပါ ဆောင်ရွက်ကြတာမျိုးကို ဆိုလိုပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အာဏာစက်ဟာ ဘယ်လောက်ပဲ တရားနည်းလမ်းကျပါစေဦး၊ မလိုက်ပါချင်တဲ့ လူတွေလည်း ရှိပါတယ်၊ ဒီအခါမှာ ဥပဒေတွေ အသက်ဝင်အောင် ရဲအဖွဲ့ကို သုံးရပါတယ်။ ဥပမာအနေနဲ့ အဂတိလိုက်စားတဲ့လူ၊ အခွန်ပေးဖို့ ပျက်ကွက်သူကို ထောင်ချတာ မရှိဘဲနဲ့ အဂတိလိုက်စားမှု ထိန်းချုပ်ဖို့၊ အခွန်ငွေ စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဥပဒေတွေ အသက်ဝင်ဖို့ ဆိုရာမှာလည်း လွှတ်တော်က ဥပဒေတွေ ထုတ်ရုံနဲ့ ဖြစ်မလာပါဘူး။ လူ့စွမ်းအားအရင်းအမြစ်တွေကို တည်ဆောက်ဖို့၊ သင်တန်းတွေပေးဖို့၊ ဥပဒေကို အသက်သွင်းမယ့် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ပါတယ်။ ဒီမိုကရေစီ ငွေရတု ခရီး ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ်တာ ခရီးကနေ ထွက်ပေါ်လာတဲ့ သင်ခန်းစာတခုကတော့ မဏ္ဍိုင်သုံးရပ်ထဲမှာ ဒီမိုကရေစီထောက်တိုင်ကို ထူမတ်ရတာက တရားဥပဒေစိုးမိုးရေး ထောက်တိုင်နဲ့ ခေတ်သစ်နိုင်ငံတော် (Modern State) ထောက်တိုင်ကို တည်ဆောက်တာထက် ပိုလွယ်ကူပါတယ်။ နောက်တနည်းနဲ့ ပြောရရင် ဒီမိုကရေစီဖွံ့ဖြိုးမှု ရေချိန်တက်လာတာနဲ့အမျှ  ခေတ်သစ်နိုင်ငံတော်ကလည်း ရေမြင့်ကြာမြင့် ဖြစ်မယ်လို့ ယူဆလို့ မဖြစ်ပါဘူး။ ဒီိလို အခြေအနေမျိုးကို တချို့သော ဒီမိုကရေစီ သက်တမ်းရင့် နိုင်ငံကြီးတွေမှာလည်း ကြုံရတတ်ပါတယ်။ ဒီမိုကရေစီ အစိုးရတရပ်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဟန်ကျပန်ကျ ဖြည့်ဆည်းမပေးနိုင်တာမျိုးနဲ့ ကြုံရတဲ့အခါ ဒီမိုကရေစီရဲ့ တရားဝင်မှု ဂုဏ်ရည်ကိုပါ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါတယ်။ တခြားတဘက်မှာ တရုတ်ပြည်နဲ့ စင်ကာပူတို့လို အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့ နိုင်ငံတွေမှာကျတော့ အစိုးရရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာတခြား နေရာအတော်များများမှာရှိတဲ့ ဒီမိုကရေစီ နိုင်ငံတွေထက်တောင် မြင့်မားနေတာလည်း တွေ့ရပါတယ်။ အာဖဂန်နစ္စတန်နဲ့ အီရတ် ပူပူနွေးနွေး အတွေ့အကြုံတွေကို ပြရရင် အာဖဂန်နစ္စတန်နဲ့ အီရတ်တို့ကို ကြည့်ပါ။  ဒီနှစ်နိုင်ငံကို ၂၀၀၁ နဲ့ ၂၀၀၃ ခုနှစ်တို့မှာ အမေရိကန်က ချီတက်သိမ်းပိုက်ခဲ့တယ်။ အမေရိကန် ကိုယ်တိုင်နဲ့ နိုင်ငံတကာ အကူအညီတွေကြောင့် နှစ်နိုင်ငံစလုံးမှာ  ရွေးကောက်ပွဲတွေ ကျင်းပနိုင်ပြီး အစိုးရသစ်တွေလည်း ပေါ်ပေါက်လာတယ်။ ဒါပေမယ့် နှစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီ အရည်အသွေးကတော့ မေးခွန်းထုတ်စရာတွေ များစွာနဲ့ပါ။ အထူးသဖြင့် အာဖဂန်နစ္စတန်မှာ ၂၀၀၉ နဲ့ ၂၀၁၄ မှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေမှာ ဆိုးရွားတဲ့ မဲမသမာမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ဘာပဲပြောပြော နိုင်ငံခေါင်းဆောင်ကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာတော့ ဒီမိုကရေစီနည်းလမ်းက အသက်ဝင်နေသေးတဲ့အတွက် အသွင်သဏ္ဌာန်အားဖြင့် တရားဝင်မှု ရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံစလုံးဟာ ခေတ်သစ် နိုင်ငံတော် (Modern State) အဆင့်ကို မရောက်ကြသေးပါဘူး။ အစမှာ ဆွေးနွေးခဲ့တဲ့ အစိုးရဟာ အချုပ်အခြာ နယ်မြေကို ပိုင်စိုးနိုင်စွမ်း မရှိဘဲ ပြည်တွင်း၊ ပြည်ပ ရန်သူတွေ ပတ်ခြာဝိုင်းတာ ခံထားရတယ်။ ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့နေရာမှာလည်း ဘက်မလိုက်ဘဲ၊ မျှမျှတတ ဆောင်ရွက်တဲ့ အခြေအနေမျိုး မဟုတ်သေးပါဘူး။ နှစ်နိုင်ငံစလုံးဟာ ပြည်တွင်း သောင်းကျန်းမှုနဲ့ ရင်ဆိုင်နေရသလို၊ အီရတ်မှာဆိုရင် ၂၀၁၄ ခုနှစ်က အမေရိကန်က လေ့ကျင့်ပေးတဲ့ တပ်တွေဟာ နိုင်ငံမြောက်ပိုင်းဒေသမှာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အဖွဲ့ (ISIS) နဲ့ ရင်ဆိုင်တဲ့အခါ တပ်တွေ ကစဥ့်ကလျား ဖြစ်ခဲ့တယ်။ နှစ်နိုင်ငံစလုံးမှာ ဆိုးရွားတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကလည်း ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ဖြစ်နေပြီး အစိုးရအနေနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်နိုင်စွမ်း မရှိအောင် ဖြစ်ရတယ်။ အကျိုးဆက်အဖြစ် အစိုးရရဲ့ တရားဝင်မှုကိုလည်း ထိခိုက်စေတယ်။ အမေရိကန်အစိုးရနဲ့ မဟာမိတ်တွေက ဧရာမ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပေမယ့် ထိရောက်မှု အပိုင်းကတော့ အကန့်အသတ် ရှိနေတဲ့ ပုံမျိုး တွေ့ရတယ်။ ယူကရိန်း ယူကရိန်းနိုင်ငံရဲ့ အဖြစ်အပျက်တွေဟာလည်း နိုင်ငံတည်ဆောက်ရေး (State-Building) မအောင်မြင်တဲ့ အကြောင်းရင်းခံတွေကနေ ထွက်ပေါ်လာတာပါပဲ။ လိမ္မော်ရောင်တော်လှန်ရေး အလွန်ကာလ ၂၀၀၄ ခုနှစ်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ အခါတုန်းက အနောက်ဘက်က ဒီမိုကရေစီ မိတ်ဆွေတွေက ချီးကျူးထောပနာ ပြုခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ အဲဒီအချိန်က အာဏာရ ၀န်ကြီးချုပ် ဗစ်တာယန်နူကိုဗစ်ကို ဗစ်တာ ယူရှက်ချန်ကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် အာဏာရလာတဲ့ လိမ္မော်ရောင်ညွန့်ပေါင်း (Orange Coalition) ဟာ အလုပ်မဖြစ်ရုံမက အကျင့်ပါ ပျက်ခဲ့တယ်။ ယူကရိန်းမှာ အုပ်ချုပ်ရေးစနစ်ကို အရည်အသွေးတိုးတက်အောင် ဘာတခုမှ စွမ်းဆောင်မပေးနိုင်ခဲ့ဘူး။ အကျိုးဆက်ကတော့ ၂၀၁၀ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများက လက်ခံခဲ့ကြတဲ့ ယှဉ်ပြိုင်ပွဲမှာ   ယန်နူကိုဗစ်က တကျော့ပြန် အနိုင်ရပြီး ယူရှက်ချန်ကို ပြန်ရှုံးသွားတယ်။ နောက်တခေါက်ပြန်လာတဲ့ ယန်နူကိုဗစ် လက်ထက်မှာ  အကျင့်ပျက်မှုတွေက အရင်ထက် လက်ရဲဇတ်ရဲ ပိုဖြစ်လာတယ်။ ၂၀၁၃ နှောင်းပိုင်းမှာ သူက ဥရောပသမဂ္ဂ (European Union) နဲ့ မပေါင်းဘဲ ရုရှားသမ္မတပူတင် ဦးဆောင်တဲ့ ယူရေးရှား သမဂ္ဂ (Eurasian Union) နဲ့ ပေါင်းမယ်လို့ ကြေညာတဲ့နောက် မြို့တော် ကီယက်မှာ ဆန္ဒပြပွဲတွေ နောက်တကျော့ ပြန်ပေါ်လာခဲ့တယ်။ ကြားကာလမှာတော့ ပူတင်ဟာ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ စည်းကမ်းတွေ ချဲ့ထွင်ရင်း ရုရှားနိုင်ငံကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်ရုံမက ကမ္ဘာ့ဇာတ်ခုံမှာလည်း အခိုင်အမာ နေရာယူလာတယ်။ ယန်နူကိုဗစ် အစိုးရ ပြုတ်ကျသွားတဲ့ ၂၀၁၄ ဖေဖော်ဝါရီမှာ ခရိုင်းမီးယားဒေသကို ပြောင်ပြောင်တင်းတင်းပဲ ၀င်သိမ်းခဲ့တယ်။ အခုနောက်ဆုံး ယူကရိန်းမှာ အစိုးရသစ်နဲ့ အနောက်မဟာမိတ်တွေက တဘက်၊ ရုရှားသမ္မတ ပူတင်က တဘက် ပဋိပက္ခ ဖြစ်နေတာဟာလည်း ဒီမိုကရေစီအတွက် ဆိုတာထက် ခေတ်သစ် နိုင်ငံတော် (Modern State ) တည်ဆောက်ရေးနဲ့ ငတက်ပြားနိုင်ငံ တည်ဆောက်ရေး (Neopatrimonial State) တို့ကြားက အားပြိုင်မှုလို့ ဆိုနိုင်ပါတယ်။ ခရိုင်းမီးယား အရေးအခင်း ပြီးကတည်းက ရုရှားမှာ ပူတင်ကို လူထုထောက်ခံမှု တက်နေတာကြောင့်လည်း ရွေးကောက်ပွဲအသစ် ထပ်လုပ်ရင် သူပဲ တခဲနက်နိုင်မယ်ဆိုတာ မေးစရာတောင် မလိုပါဘူး။ တကယ်တမ်းကျတော့ အဲဒီ ဒေသထဲက ပြည်သူတွေအနေနဲ့ သူတို့ လူ့အဖွဲ့အစည်းကို ဘယ်လို တည်ဆောက်မလဲ။ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ အစိုးရ၊ ပြည်သူအားလုံးကို ကျောသားရင်သား မခွဲခြားတဲ့ အစိုးရမျိုးအပေါ်မှာ အခြေခံပြီး တည်ဆောက်မှာလား၊ ဒီလိုမဟုတ်ဘဲ နိုင်ငံတော်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ခိုးသားငါးရာ ၀ိသမလောဘ ဂိုဏ်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရမျိုးနဲ့ တည်ဆောက်မလားဆိုတာကို ရွေးချယ်ရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရ စွမ်းဆောင်ရည် တကယ်တော့ ကမ္ဘာပေါ်က ဒီမိုကရေစီအစိုးရ အတော်များများရဲ့ တရားဝင်မှုဆိုတာဟာ ဒီမိုကရေစီအပေါ်မှာ မှီခိုတာက နည်းနည်း၊ စွမ်းဆောင်ရည် မြင့်မားမှုအပေါ်မှာ မှီခိုရတာက ပိုများပါတယ်။ ယူကရိန်း အစိုးရသစ် အနေနဲ့လည်း လိမ္မော်ရောင်ညွန့်ပေါင်းခေတ်ကို  တခန်းရပ်သွားခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေကို မဖြေရှင်းနိုင်ရင် ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ မျိုးဆက်တစုစာ ဖြတ်သန်းပြီးတဲ့အခါ ဒီမိုကရေစီဟာ လက်တင်အမေရိက နိုင်ငံတွေမှာ အတော်လေး အခြေကျနေပါပြီ။ ဒါပေမယ့် ဘရာဇီး၊ ကိုလံဘီယာနဲ့ မက္ကဆီကိုတို့မှာ အခုအချိန်ထိ လိုအပ်နေသေးတာကတော့ ပြည်သူ့ဘ၀ လိုအပ်ချက်တွေဖြစ်တဲ့ ကျန်းမာရေး၊ အခြေခံအဆောက်အဦ၊ ပြည်သူ့ဘ၀ လုံခြုံရေးကိစ္စတွေ ဖြစ်နေပါတယ်။ အကျိုးမျှော်ကိုး လက်သိပ်ထိုးဝါဒ (Clientelism) နဲ့ အကျင့်ပျက်ခြစားမှု ၀ဲဂယက်ထဲက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယလည်း ထိုနည်းလည်းကောင်းပါပဲ။ ၂၀၁၄ မှာတော့ ပြည်သူတွေဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး အာဏာရခဲ့တဲ့ ကွန်ဂရက်ပါတီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းကို မဲမပေးဘဲ BJP ပါတီကတင်တဲ့ နရိန်ဒြာ မိုဒီကို ပြတ်ပြတ်သားသား မဲပေးခဲ့ကြတယ်။ အရာမရောက်ဘဲ အကျင့်ပျက်တဲ့ အစိုးရနေရာမှာ ပြတ်ပြတ်သားသား ခေါင်းဆောင်ပြီး ခိုင်မာ အားကောင်းတဲ့ အစိုးရတရပ် ရဖို့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။ (ဆက်ပါမယ်)
5 years Ago
Up