ဒီမိုကရေစီ

A d v e r t i s e m e n t With Us

June 17, 2019

ဟောင်ကောင်အကြီးအကဲ ရာထူးမှ နုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ

ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ် ရာထူးကနေ ဆင်းပေးဖို့ ထောင်သောင်းချီတဲ့ ဝတ်စုံနက်ဝတ်ထားသူတွေက ဇွန် ၁၇ ရက်မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကိုင်တွယ်ပုံအတွက် ဆန့်ကျင်ဆန္ဒပြ နေကြတာပါ။ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ကတော့ သူ့လုပ်ရပ်အတွက် ဇွန် ၁၆ ရက်က တောင်းပန်ခဲ့ပါတယ်။ လမ်ဟာ ဟောင်ကောင်ပြည်သူတွေကို ဥပဒေမူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တယ်၊ ဝေဖန်ပြစ်တင်မှုတွေကို လက်ခံဖို့၊ အရိုးသားဆုံးနဲ့ အနှိမ်ချဆုံးသဘောထားကို ကျင့်သုံးဖို့နဲ့ ပြည်သူကပေးတဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ တိုးတက်အောင်လုပ်ဖို့ ကတိပြုတယ်လို့ ဟောင်ကောင် အမှုဆောင် အရာရှိချုပ်က တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ လမ်းတွေ လူသွားလမ်းတွေနဲ့ ရထားဘူတာတွေမှာ ဆန္ဒပြလူအုပ်တွေကြောင့် အနက်ရောင် လူပင်လယ်ကြီး ဖြစ်ခဲ့တာပါ။ ဆန္ဒပြဖို့ ခွင့်ပြုထားတဲ့ နောက်ဆုံးအချိန် ဇွန် ၁၆ ရက် ညသန်းခေါင်ကို ကျော်လွန်ပြီး လူ ၁ သန်းကျော်က အာဏာပိုင်တွေကို အာခံရင်း ဆန္ဒပြနေပါတယ်။ ဇွန် ၁၆ ရက်နေ့ ဆန္ဒပြပွဲကို လူ ၂ သန်းနီးပါး တက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဗြိတိန်လက်ကနေ တရုတ်ပြည်မကြီးလက်ထဲ ပြန်ရောက်တဲ့ ဟောင်ကောင်သမိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးကို အသိသာဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဟောင်ကောင်ကို တနိုင်ငံ စနစ် ၂ မျိုး မူဝါဒနဲ့ အုပ်ချုပ်ဖို့ ဗြိတိန်ဆီမှာ တရုတ်က ကတိပြုထားပါတယ်။ ဒါကြောင့် ဟောင်ကောင်မှာ အပြည့်အဝ ဒီမိုကရေစီနည်းကျ မဲမပေးနိုင်ပေမယ့် တရုတ်ပြည်မကြီးထက် ပိုပြီးလွတ်လပ်တဲ့ အုပ်ချုပ်မှုနဲ့ တရားစီရင်ရေး စနစ်တွေနဲ့ ဟောင်ကောင်ကို အုပ်ချုပ်ပါတယ်။
2 years Ago

September 15, 2018

ဒီမိုကရေစီ၏ အတုအယောင်နှင့်အန္တရာယ်များကို အထူးသတိပြုကြရန် သမ္မတပြော

ဒီမိုကရေစီရဲ့ အတုအယောင်တွေနဲ့ အန္တရာယ်တွေကို မျက်ခြည်မပြတ်ဖို့နဲ့ အထူးအလေးအနက်ထား သတိပြုကြဖို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပိုတဲ့ သ၀ဏ်လွှာမှာ သမ္မတက အခုလို ပြောကြားလိုက်တာပါ။ “မိမိတို့အားလုံးဟာ ဒီမိုကရေစီရဲ့ အတုအယောင်များနဲ့ အန္တရာယ်များကိုလည်း မျက်ခြည်မပြတ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အန္တရာယ်များဆိုတာ ဒီမိုကရေစီ မလိုလားသူများ၊ ဒီမိုကရေစီ ကဖျက်ယဖျက် သမားများ၊ ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလိုအားမရဖြစ်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်ရာလုပ်သည့်အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီးအသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ကြိုးစားသူများဟာ ဒီမိုကရေစီရဲ့ အန္တရာယ်များ ဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကို အထူးအလေးအနက်ထား သတိပြုဖို့လိုပါတယ်။” ဒါကြောင့် “ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်း ညှိဆောင် ရွက်ပေး” ဆောင်ပုဒ်နဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ  နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားအားလုံး စုပေါင်းအင်အားနဲ့ ပါဝင်ကြိုးပမ်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ သမ္မတက ဆိုပါတယ်။ “ဒီမိုကရေစီနိုင်ငံတခုမှာ အစိုးရဆိုတာ အခြားနိုင်ငံရေး ပါတီများ၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ အခြားအသင်းအဖွဲ့များ၊ မီဒီယာများ စသည်တို့နဲ့ အတူယှဉ်တွဲနေတဲ့ လူမှုအသိုက်အဝန်းထဲက အခြေခံကျတဲ့ အဖွဲတခုသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခြားနိုင်ငံရေးပါတီများ၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ အခြား အသင်းအဖွဲ့များကလည်း ဒီမိုကရေစီ ရှင်သန်ခိုင်မြဲအောင် ဝိုင်းဝန်းကြပ်မတ် ထိန်းညှိပေးကြရမယ့် တာဝန်လည်း ရှိပါတယ်။ အဲဒီတာဝန်ကို မိမိတို့အားလုံးက ဝိုင်းဝန်းထမ်းရွက်ကြမယ်ဆိုရင် ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်း ညှိဆောင်ရွက်ပေး'' ဆိုတဲ့ ဆောင်ပုဒ်ဟာ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။” ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေကို ဂုဏ်ပြုဖို့ ဒီမိုကရေစီကျင့်စဉ်တွေကို အားပေးမြှင့်တင်နိုင်ဖို့၊ ပြည်သူတွေတွေအကြား ဒီမိုကရေစီစိတ်ဓာတ် အစဉ်ရှင်သန်နေစေဖို့နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အနာဂတ်ကာလ အအစဉ်အမြဲလုပ်ဆောင်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ် စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံအလိုက် အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပနေကြတာပါ။
2 years Ago
Up