ဒီမိုကရေစီ အပြောင်းအလဲ

A d v e r t i s e m e n t With Us

November 7, 2015

ဒီမိုကရေစီ အပြောင်းအလဲ (ဖိလစ်ပိုင်စတိုင်)

အာဏာရှင်တွေဟာ တရားဝင်မှုကို ရယူလိုတဲ့အတွက် ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ကျင်းပပေးရတယ်။ ပြည်သူလူထုအများစုက ထောက်ခံထားတဲ့သူ၊ ထောက်ခံထားတဲ့ အဖွဲ့အစည်းအဖြစ် လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပေးတာပဲ။ ဒါပေမယ့် ပုံမှန်စိတ် (Common Sense) ရှိတဲ့သူမှန်သမျှ အာဏာရှင်ကို သဘောမကျတဲ့အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲမှန်သမျှမှာ အာဏာရှင်တွေ ခွက်ခွက်လန်အောင် ရှုံးကြတာချည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်တွေဟာ ရွေးကောက်ပွဲမှာ မရှုံးရလေအောင် နည်းမျိုးစုံနဲ့ ညစ်ကြတယ်။ မဲလိမ်တယ်။ မဲခိုးတယ်။ ပြောင်ပြောင်တင်းတင်း အကြမ်းဖက်တယ်။ ရွေးကောက်ပွဲမှတ်တမ်းဟာ အာဏာရှင်တွေရဲ့ ရာဇ၀တ်ပြစ်မှုမှတ်တမ်းပဲ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်တွေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက်တော့ နိုင်ငံရေးရေချိန်နဲ့ နှလုံးရည်ကို စမ်းသပ်တဲ့ပွဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အမှန်တရားမြတ်နိုးမှုကို မှတ်ကျောက်တင်တဲ့ပွဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ စည်းလုံးခိုင်မာမှုကို ပြသတဲ့ပွဲ ဖြစ်ပါတယ်။ မိမိတို့ဟာ လူ့ဂုဏ်ရည်သိက္ခာနဲ့ ပြည့်ဝသူတွေ ဖြစ်တဲ့အကြောင်း ပြည်သူလူထုက သက်သေပြတဲ့ ပွဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကာလအတွင်းမှာ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး ဒီမိုကရေစီအောင်ပွဲကို အရယူသွားတဲ့နိုင်ငံတွေ အများအပြားရှိခဲ့တယ်။ အာဏာရှင်ရဲ့ ရွေးကောက်ပွဲ လိမ်လည်မှုတွေကို တည်ငြိမ်စွာ ရင်ဆိုင်ပြီး ဒီမိုကရေစီ အပြောင်းအလဲကို ဖန်တီးသွားခဲ့တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ပိုလန်အပြောင်းအလဲ၊ ၁၉၈၆ မှာ ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် အပြောင်းအလဲ၊ ၁၉၈၉ မှာ ဖြစ်ခဲ့တဲ့ အရှေ့ဥရောပ အပြောင်းအလဲ၊ ၁၉၉၀ ကျော်မှာ ဖြစ်ခဲ့တဲ့ ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ အပြောင်းအလဲ စတာတွေဟာ အကြမ်းမဖက်တဲ့ ပြည်သူလူထုကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး ရွေးကောက်ပွဲတွေနဲ့လည်း ဆက်စပ်နေခဲ့ပါတယ်။ အာဏာရှင်စနစ်၊ ရွေးကောက်ပွဲလိမ်လည်မှု၊ အကြမ်းမဖက် လူထုလှုပ်ရှားမှု၊ ဒီမိုကရေစီ အပြောင်းအလဲ ဒီလို ဆက်စပ်နေတဲ့ နိုင်ငံရေးသမိုင်းဖြစ်စဉ်တွေ အထင်အရှား ရှိနေပါတယ်။ ဖိလစ်ပိုင်က ဖဲကြိုးဝါ ၁၉၈၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာရဲ့ လမ်းမတန်းများ တလျှောက် ဖဲကြိုးဝါတွေ တလွင့်လွင့်ဖြစ်နေတယ်။ “ငါ့ကို အလိုရှိနေဦးမယ်ဆိုရင် ဖဲကြိုးဝါတစကို သစ်ပင်မှာ ချည်နှောင်ပြထားပါ” ဆိုတဲ့ သီချင်းသံလည်း လွင့်ပျံနေတယ်။ အမေရိကန်ပြည်ထောင်စုကနေ ပြန်လာမယ့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဘင်နီဒစ်အကွီနို (Benedict Aquino) ကို ကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ဖဲကြိုးဝါတွေ ချည်နှောင်ထားကြတာပါ။ ဘင်နီဒစ်အကွီနိုဟာ အာဏာရှင် ဖာဒီနန်မားကို့စ် (Ferdinand Marcos) ရဲ့ သေဒဏ်ပေးမှုကို ၁၉၉၇ ခုနှစ်မှာ ခံခဲ့ရသူဖြစ်ပေမယ့် ၁၉၈၀ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုကို ဆေးကုသဖို့ သွားရောက်ခွင့် ရခဲ့ပါတယ်။ မားကို့စ်က  ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲကို လုပ်ချင်တဲ့အတွက် အကွီနိုကို တဖက်လှည့်နဲ့ သွားခွင့်ပေးလိုက်တာပါ။ ဘင်နီဒစ် အကွီနို မပါဝင်နိုင်တဲ့ ၁၉၈၁ ခုနှစ် ရွေးကောက်ပွဲမှာ မားကို့စ်က မဲဆန္ဒ ၉၀ ရာခိုင်နှုန်းကျော်ကို အရယူခဲ့ပြီး သက်တော်ရှည် သမ္မတကြီး ဖြစ်ခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဘင်နီဒစ် အကွီနိုဟာ သူ့ကိုကြိုဆိုတဲ့ ဖဲကြိုးဝါတွေကို မမြင်သွားရပါဘူး။ လေယာဉ်ပေါ်က အဆင်းမှာပဲ အသင့်စောင့်နေတဲ့ လူသတ်သမားရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုကြောင့် အသက်ဆုံးသွားခဲ့ရပါတယ်။ ဒီအချိန်ကစပြီး အာဏာရှင် မားကို့စ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာတယ်။ မားကို့စ်ဟာ အုံကြွလာတော့မယ့် လူထုကို ထိန်းသိမ်းတဲ့အနေနဲ့ ၁၉၈၆ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ သူ့ကို ယှဉ်ပြိုင်မယ့်သူကတော့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင် ဘင်နီဒစ် အကွီနိုရဲ့ ဇနီး ကိုရာဇန် အကွီနို (Corazon Aquino) ဖြစ်ပါတယ်။ သူ့ခင်ပွန်းသည်ကို ပစ်ခတ်လိုက်တဲ့ သေနတ်သံဟာ ဖိလစ်ပိုင်ပြည်သူလူထုကို လှုပ်နှိုးပေးလိုက်တယ်လို့ သူက ပြောပါတယ်။ အာဏာရှင်ကို စိန်ခေါ်ခြင်း Aquino at Campaignကိုရာဇန်အကွီနိုဟာ သာမန် အိမ်ထောင်ရှင်မတယောက်အဖြစ် ဘ၀ကို ဖြတ်သန်းနေခဲ့သူ ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူက အထက်လွှတ်တော်အမတ် ဖြစ်တဲ့အတွက် ခင်ပွန်းသည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ နောက်ကွယ်ကနေ အားပေးကူညီနေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဘင်နီဒစ်အကွီနိုရဲ့ ဘေးမှာ မခွဲမခွါ နေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် အတိုက်အခံ နိုင်ငံရေးသမားရဲ့ ပင်ပန်းဆင်းရဲမှုကို အသားကျနေသူလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆေးကုသပြီးအပြန် မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ နောက်မှာတော့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာပါတော့တယ်။ ဒီလိုနဲ့ လူထုဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ အကွီနိုဟာ လူထုရဲ့ ဒီမိုကရေစီမျှော်လင့်ချက် ဖြစ်လာပါတယ်။ အာဏာရှင်မားကို့စ်က လူထုဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို အချိန်စောပြီး ကျင်းပမယ်လို့ ၁၉၈၅ ခုနှစ် ဒီဇင်ဘာလမှာ ဆုံးဖြတ်လိုက်ပါတယ်။ ကျင်းပမယ့်ရက်က ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ဖြစ်ပါတယ်။ ကြားထဲမှာ ၂ လတာ ကာလပဲ ရှိပါတယ်။ ပြိုင်ဘက်ဖြစ်သူတွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်မရအောင် ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ပြင်ဆင်ချိန်မပေးတဲ့ ရွေးကောက်ပွဲကို ၀င်ဖို့အတွက် ကိုရာဇန်အကွီနိုဟာ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိတာလည်း အကြောင်းတခုပါ။ ဒါပေမယ့် ဖိလစ်ပိုင်ပြည်သူလူထုကလည်း သူတို့ရဲ့မျှော်လင့်ချက်ကို အပျောက်မခံနိုင်ပါဘူး။ ဖိလစ်ပိုင်ပြည်သူ ၁ သန်းရဲ့ လက်မှတ်ရေးထိုးထားတဲ့ ပန်ကြားစာ ၁ စောင် သူ့ရှေ့ကို ရောက်လာတဲ့ အချိန်မှာတော့ အကွီနိုဟာ အာဏာရှင်မားကို့စ်ကို စိန်ခေါ်ပြီး နိုင်ငံရေးကြိုးဝိုင်းထဲကို ၀င်ရောက်လာပါတော့တယ်။ အာဏာရှင်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်က စပြီး သမ္မတရာထူးကို အပိုင်စီးထားသူ ဖြစ်ပါတယ်။ ပထမ လေးနှစ်သက်တမ်းအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ နာမည်ပျက်ခဲ့ပေမယ့် ၁၉၆၉ ခုနှစ် ရွေးကောက်ပွဲမှာလည်း သူပဲ အနိုင်ရခဲ့ပြန်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ မားကို့စ်အစိုးရရဲ့ အကျင့်ပျက် ခြစားမှုကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။ လူထုဆန္ဒပြပွဲကြီးတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ယောက်သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်။ မားကို့စ်ဟာ အကြမ်းဖက်မှုတွေကို အကြောင်းပြပြီး ၁၉၇၂ မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ အခြေခံဥပဒေကို ပြင်ပြီး သမ္မတရာထူးကိုရော ၀န်ကြီးချုပ်ရာထူးကို ယူလိုက်တယ်။ ၁၉၈၃ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးကို ဆုပ်ကိုင်ထားခဲ့ရာမှာ စစ်တပ်ကို တပ်သားအင်အား ၃ သိန်းအထိ တိုးချဲ့ပြီး အာဏာကို အခိုင်အမာ တည်ဆောက်ပါတယ်။ အာဏာရှင်မားကို့စ်က သမ္မတရွေးကောက်ပွဲကို ၀င်ရောက်လာတဲ့ အကွီနိုကို “အိပ်ခန်းထဲမှာပဲ ရှိနေသင့်တဲ့ မိန်းမတယောက်” လို့ ပုတ်ခတ်ပါတယ်။ “နိုင်ငံရေးအတွေ့အကြုံ မရှိတဲ့ မိန်းမတယောက်သာ သမ္မတဖြစ်လာမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံဟာ ကပ်ဆိုက်ပြီး ပျက်သုဉ်းသွားလိမ့်မယ်” လို့ ဝေဖန်ပါတယ်။ အကွီနိုက “သူဟာ အကျင့်ပျက်ခြစားတဲ့ အတွေ့အကြုံ မရှိသူဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူတဲ့ အတွေ့အကြုံမျိုး မရှိသူဖြစ်ကြောင်း၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို သတ်ဖြတ်တဲ့ အတွေ့အကြုံမျိုး မရှိသူဖြစ်ကြောင်း၊ ပြည်သူလူထုကို လိမ်ညာလှည့်ပတ်တဲ့ အတွေ့အကြုံမျိုး မရှိသူဖြစ်ကြောင်း” ပြောပြီး “အမျိုးသမီးကောင်းဘက်က အနိုင်ရပါစေသား” လို့ တုံ့ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲလိမ်လည်မှုမှ လူထုအာဏာသို့ Edsa Movement 2ဖိလစ်ပိုင်ပြည်သူလူထုဟာ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ရွေးကောက်ပွဲမှာ အလွန်တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် မဲပေးကြပါတယ်။    မားကို့စ်ဘက်ကလည်း ရွေးကောက်ပွဲကို အနိုင်ယူဖို့အတွက် နည်းမျိုးစုံ သုံးခဲ့ပါတယ်။ မဲစာရင်းမှာ မပါအောင် ချန်လှပ်ထားသူ အရေအတွက်က ၃ သန်းကျော်ရှိပါတယ်။ မဲလိမ် မဲခိုး မဲဝယ်ရောင်းတွေလည်း မနည်းလှပါဘူး။ အကွီနိုကို ထောက်ခံတဲ့ အုပ်ချုပ်ရေးမှူးတယောက် အသတ်ခံရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲရလဒ်ကို ပြုစုရတဲ့ အဖွဲ့ထဲက ကွန်ပျူတာပညာရှင် ၃၀ က မဲရလဒ်လိမ်လည်မှုကို မလုပ်နိုင်ဘူးဆိုပြီး အလုပ်ထွက်ကြပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်တဲ့အခါ မားကို့စ်က မဲပေါင်း ၁၀ သန်း ၈ သိန်းကျော် ရရှိပြီး အကွီနိုက မဲ ၉ သန်း ၃ သိန်းရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုအဖွဲ့ (NAMFREL) ကတော့ အကွီနိုက မဲ ၇ သန်း ၈ သိန်းကျော်ရပြီး မားကို့စ်က ၇ သန်း ၅ သောင်းကျော်ပဲ ရတယ်လို့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကော်မရှင်က မားကို့စ်သာလျှင် အနိုင်ရသူဖြစ်တယ်လို့ တရားဝင်ကြေညာတဲ့အခါ  အတိုက်အခံ လွှတ်တော်အမတ် ၅၀ က ကန့်ကွက်ပြီး လွှတ်တော်ထဲက ထွက်သွားကြပါတယ်။ နောက်ရက်မှာတော့ အကွီနိုက လူထုစည်းဝေးပွဲကြီးခေါ်ပြီး ရွေးကောက်ပွဲလိမ်လည်မှုကို အာခံတဲ့အနေနဲ့ သပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကျော်ခဲ့တဲ့ လူထုအာဏာ လှုပ်ရှားမှုကြီး (Philippines People Power Movement) ပေါ်ပေါက်လာခဲ့ပါတယ်။ Marcos 1ပြည်သူလူထု ၂ သန်းကျော်ဟာ မြို့တော်မနီလာက ဖြတ်သန်းသွားတဲ့ အက်ဒဆာ အဝေးပြေးလမ်းမကြီးပေါ်မှာ စုရုံးပြီး အာဏာရှင်မားကို့စ်ရဲ့ အနိုင်ယူမှုကို လက်သင့်မခံ ငြင်းဆန်ကြပါတယ်။ ဒီလူထုရဲ့ အကြမ်းမဖက် အာခံမှုကြီးမှာ ဘာသာရေးခေါင်းဆောင်တွေ၊ အနုပညာသမားတွေလည်း အလုံးအရင်းနဲ့ ပါဝင်ခဲ့ကြပါတယ်။ လူထုကြီးဟာ ဂီတအနုပညာသမားများရဲ့ သီချင်းသံတွေကို သံပြိုင်လိုက်သီဆိုရင်း  ငြိမ်းချမ်းရေးကို သရုပ်ဖော်ခဲ့ကြတယ်။ လူထုစုဝေးမှုကြီးကို ဖြိုခွဲဖို့ ရောက်လာတဲ့ စစ်သားတွေဟာ လူထုရဲ့ လှိုက်လှဲတဲ့ ကြိုဆိုမှုအောက်မှာ လူထုနဲ့ တသားတည်း ဖြစ်သွားကြပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမော့စ် (Fidel Ramos) နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အင်န်ရိုင်း (Enrile) တို့က မားကို့စ်အစိုးရထဲက နုတ်ထွက်ပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းလိုက်ကြတယ်။ ကက်သလစ် ခရစ်ယာန်သီလရှင်များက လက်နက်ကိုင်စစ်သားများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေကြပုံ၊ ပြည်သူလူထုက တင့်ကားပေါ်က စစ်သားများကို ရေပုလင်းနဲ့ ပေါင်မုန့် ပေးနေကြတဲ့ ပုံတွေဟာ ဖိလစ်ပိုင် ပြည်သူလူထုရဲ့ အကြမ်းမဖက် လှုပ်ရှားမှုအောင်ပွဲကို သရုပ်ဖော်တဲ့ပုံများအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၅ ရက်အထိ ကျင်းပခဲ့တဲ့ လူထုဆန္ဒပြပွဲကြီးကြောင့် အာဏာရှင်  မားကို့စ်နဲ့ မိသားစုဟာ တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ အကွီနိုက ၂၅ ရက်နေ့မှာ ၁၁ ယောက်မြောက် ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းကျိန်ပါတယ်။ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက အကွီနိုကို ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီသူရဲကောင်းလို့ အမည်ပေးပါတယ်။ အမေရိကန် ရုပ်မြင်သံကြားဌာန CBS က “အမေရိကန်နိုင်ငံသားတွေက သူတို့ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေကို ဒီမိုကရေစီဝါဒအကြောင်း သင်ပေးနေရတယ်လို့ ထင်နေကြတယ်။ အခု ဖိလစ်ပိုင်နိုင်ငံသားတွေက ဒီမိုကရေစီဝါဒ အကြောင်းကို ကမ္ဘာကြီးကို သင်ပြပေးနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အတွေ့အကြုံက သင်ခန်းစာတခုပေးပါတယ်။ တည်ကြည်တဲ့ ခေါင်းဆောင်တယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နိုင်ငံရေးစိတ်ဓာတ်ပြည့်ဝတဲ့ ပြည်သူလူထုက ရဲရဲရင့်ရင့် လိုက်ပါနိုင်မယ်ဆိုရင် နှစ်ပေါင်းများစွာ အမြစ်စွဲနေတဲ့ အာဏာရှင်စနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ သုတ်သင်ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။            ။ မောင်သာမည
5 years Ago
Up