ဒီမိုကရေစီဖြင့် သင်းသတ်ခံလိုက်ရသော

October 22, 2019

ဒီမိုကရေစီဖြင့် သင်းသတ်ခံလိုက်ရသော လူထုတိုက်ပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး

၁။ အာဏာရှင်စနစ်အောက်မှ လူထုတိုက်ပွဲ သို့မဟုတ် ဆန္ဒပြပွဲများ စစ်အစိုးရတွေနဲ့ မဆလ အာဏာရှင်အစိုးရတွေ လက်အောက်မှာ ကျနော်တို့ ဆန္ဒတွေ ပြခဲ့ကြပါတယ်။ ဒါဟာ လူထုတိုက်ပွဲတွေပါပဲ။ ဆန္ဒပြမှုတွေကို ဆန္ဒထုတ်ဖော်တာ၊ ဆန့်ကျင်ကန့်ကွက်တာ၊ သပိတ်မှောက်တာ စသဖြင့် ထပ်မံပြီး အသေးစိတ်ခွဲတာတွေ ရှိပေမယ့် ဒီနေရာမှာတော့ ဆန္ဒပြတယ်လို့ပဲ ခြုံပြောပါရစေ။ ဆန္ဒပြပွဲရဲ့ မဟာဗျူဟာရည်မှန်းချက်က ဘာပါလဲ။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြိုလဲသွားအောင်လုပ်ပြီး အစိုးရက ဆင်းပေး၊ သို့မဟုတ် ညှိနှိုင်းလိုက်လျော စတာတွေ လုပ်လာအောင်အထိ ရည်ရွယ်ကြတာပါပဲ။ ဆန္ဒပြပွဲတွေဟာ မကျေနပ်မှုတခု၊ အကြောင်းအရာတခုက စတင်တတ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အထွေထွေမကျေနပ်မှုတွေဘက်ကို တက်လာပြီး အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို စတင်စိန်ခေါ်တတ်ကြပါတယ်။ လူထုကလည်း အထွေထွေမကျေနပ်မှုတွေ ရှိနေပြီး ဘယ်မှာမှ ထုတ်ဖော်တောင်းဆိုစရာ ထွက်ပေါက်မရှိတဲ့အတွက် ဒီလူထုတိုက်ပွဲတွေကို တခဲနက် ထောက်ခံတတ်ကြပါတယ်။ စိန်ခေါ်နိုင်တဲ့အဆင့် အုပ်ချုပ်ရေးယန္တရား ယိုင်လာတဲ့အဆင့်ကို ရောက်ပြီဆိုရင် အစိုးရက ဆင်းပေး၊ ဒါမှမဟုတ် ညှိနှိုင်းလိုက်လျောအဆင့်ကို ရောက်အောင် ထပ်တွန်းကြရပါတယ်။ အဲဒီမှာတော့ ပုံစံအမျိုးမျိုး ရှိတတ်ကြပါတယ်။ တချို့အစိုးရတွေကတော့ တကယ်ပဲ ညှိနှိုင်းပြီး လိုက်လျောကြပါတယ်။ တချို့ကတော့ မလိမ့်တပတ် နည်းမျိုးစုံသုံးပြီး အာဏာကို ဆက်ထိန်းဖို့ ကြိုးစားတတ်ကြပါတယ်။ တခါတလေမှာ  ခေါင်းဆောင် ပြောင်းပေးတာမျိုးကိုပဲ ဟန်ဆောင်လုပ်တာတွေ၊ ဆန္ဒပြမှုအရှိန်ကို လျှော့ချဖို့ အချိန်ဆွဲတာတွေသာ လုပ်ပြပြီး လက်တွေ့မပြောင်းပေးတာမျိုးလည်း ပါပါတယ်။ အဲဒီလို အစိုးရဘက်က လွယ်လွယ်အလျှော့မပေးလိုတဲ့ အနေအထားမျိုးမှာတော့ နည်းနည်းပိုပြီး စွန့်စားရတဲ့ ကြားဖြတ်အစိုးရ ဖွဲ့တယ်ဆိုတာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲဒီမှာမှ အစိုးရဘက်က ပိုပြီးဖိနှိပ်ဖြိုခွဲလာရင်တော့ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ရောက်သွားတာတွေ ရှိသလို  ထောင်တန်းတွေကျ၊ ခဏငြိမ်သူတွေက ငြိမ်နဲ့ အခြေအနေပေးရင် ဒီလို လူထုတိုက်ပွဲအဆင့် ပြန်ရအောင် လုပ်ခဲ့ကြပါတယ်။   ဒါကြောင့်လည်း အာဏာရှင်အစိုးရတွေဘက်က ဆန္ဒပြပွဲတွေ အားကောင်းပြီး လူထုအများစုက ထောက်ခံလာတဲ့ အခြေအနေမျိုးနဲ့ သူတို့ အုပ်ချုပ်မှုယန္တရားကို စိန်ခေါ်လာမယ့် အဆင့်မျိုးကို ဘယ်တော့မှ မရောက်အောင် ဆန္ဒပြပွဲတွေကို ဖြစ်စမှာကတည်းက အချိန်တိုတွင်းမှာပဲ မြန်မြန်ဆန်ဆန် ရက်ရက်စက်စက်ကို နှိမ်နှင်းပစ်တတ်ကြပါတယ်။ အဓိကကတော့ စတင်ပြီး ဆန္ဒပြတဲ့အလွှာနဲ့ အခြားအလွှာတွေ ဆက်စပ်တော့မယ့် အခြေအနေကို ပစ်မှတ်ထားပြီး ဖျက်တတ်ကြတာပါ။ ဥပမာ- ကျောင်းသားဆန္ဒပြပွဲမှာ ကျန်တဲ့ အလုပ်သမား၊ လယ်သမား၊ သာမန်ပြည်သူ စတဲ့သူတွေ ပူးပေါင်းလာတာမျိုး မဖြစ်အောင်လို့ပါ။  အခြားသူတွေက စတဲ့ ဆန္ဒပြပွဲတွေ ဆိုရင်လည်း ဒီလိုပါပဲ။ မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဆိုရင် ဒီလိုပဲ နှိမ်နှင်းအဆုံးသတ်ခံခဲ့ရတာပါ။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံမှာတော့ အစိုးရကလည်း အထပ်ထပ်အမှားတွေလုပ်၊ လူထုကလည်း အဆုံးစွန်အထိခံ စားရမှုတွေပေါ်မှာ အမြင့်မားဆုံး ပေါက်ကွဲကြတော့ အကြီးမားဆုံးလို့ ခေါ်နိုင်မယ့် လူထုတိုက်ပွဲကြီး ဖြစ်ခဲ့ရပါတယ်။  ၁၉၈၈ ဆန္ဒပြမှုတကယ်ပဲ ကြီးမားလာခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အဲဒီတုန်းက အစိုးရဟာ ပြဿနာပါင်းစုံရှိနေတဲ့ အခြေအနေဖြစ်လို့ ဘာလုပ်ရမှန်း မသိတာကြောင့်လို့လည်း သုံးသပ်ကြသလို အစိုးရက ဒီဆန္ဒပြပွဲတွေဟာ ဒီလောက်ကြီးလာမယ်လို့ မထင်ခဲ့တဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခဲ့ကြလို့လည်း ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း ၂၀၁၀ မတိုင်ခင်အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ ထုံးစံအတိုင်းပါပဲ။ အလွှာပေါင်းစုံ စုစည်းမိသွားနိုင်တဲ့ အခြေအနေကို မရောက်အောင် လက်ဦးမှုယူပြီး နှိမ်နှင်းဖြိုခွဲပစ်လိုက်တာတွေပဲ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူထု ထောက်ခံမှုကတော့ ဆန္ဒပြမှုတိုင်းမှာ အများဆုံး ရခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ကစလို့ ဒီမိုကရေစီလို့ နာမည်တပ်တဲ့ အုပ်ချုပ်မှူပုံစံတခုကို မြန်မာပြည်သူလူထုတွေ စတင်ရရှိခဲ့ကြပါတယ်။    ၂။ ဒီမိုကရေစီခေတ်နှင့် ဆန္ဒပြခြင်း အဲဒီမှာ တရားဝင်ဆန္ဒပြခွင့်ပြုတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဆိုတဲ့ ဥပဒေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တင်၊ ခွင့်ပြုချက်ရပြီးရင် ဆန္ဒပြပေါ့။ နောက်ပိုင်းတော့ ခွင့်ပြုချက်တင်စရာ မလိုဘဲ ဆန္ဒပြမယ်လို့ အသိပေးရင်ရပြီလို့ ဆိုပေမယ့် နယ်မြေခံအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကိုပဲ အဓိက အလေးထားရမယ် ဆိုတာကြောင့် ခွင့်မပြုရင် မလုပ်ရဘူးပဲ ပြန်ဖြစ်ပါတယ်။ ထားပါတော့။ အရင်အချိန်တွေတုန်းကတော့ ဆန္ဒပြတာ မပြောနဲ့၊ ဆန္ဒပြဖို့ လူစုတာနဲ့ကို ဖမ်းဆီးမယ်၊ ပစ်တာခတ်တာ ခံရမယ်၊ ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ခံရမယ်။ ဒီတော့ အခုဥပဒေအရ တရားဝင် ဆန္ဒပြလို့ရတဲ့အတွက်  အောင်မြင်မှုလို့ တချို့က ဆိုကြပါတယ်။ ဘာတွေ ရကြပါသလဲ။ ချီတက်ရာ လမ်းကြောင်း၊ လူဦးရေ၊ ဟောပြောမယ့်သူက အစ တင်ပြရပြီး ဥပဒေရဲ့ အခြားအားနည်းချက်တွေ ရှိနေတာကို တဆိတ် ခဏဖယ်ထားပြီး ကျန်တာကို နောက်ပိုင်းမှာ ဆက်ပြီးသုံးသပ်ကြည့်ပါမယ်။ ဒီဥပဒေအရကတော့ တနေ့တာ၊ သို့မဟုတ် နာရီပိုင်းနဲ့ ဆန္ဒပြခွင့်ရကြပါမယ်။ အဲဒီအချိန်အတွင်းမှာ ချီတက်နိုင်မယ်၊ ဟောပြောနိုင်မယ်။ ပြီးရင်တော့ အိမ်ပြန်ကြဖို့ပါပဲ။ မေးစရာ ရှိလာတာကတော့ ဖော်ထုတ်ပြသတဲ့ ဆန္ဒတွေကို တကယ်ပဲ လုပ်ပေး၊ မလုပ်ပေး ဘယ်လို သိနိုင်ပါမည်လဲ။ ဆန္ဒပြဖို့ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးကလည်း မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။    ဒီမိုကရေစီခေတ်၏ ဆန္ဒပြခြင်းကို ဆန်းစစ်ကြည့်ခြင်း က။ ဆန္ဒပြခွင့် ဒီမိုကရေစီ အသားကျနေတဲ့ နိုင်ငံတွေမှာတော့ ဆန္ဒပြခွင့်ပြုတယ်၊ မပြုဘူး ဆိုတာကို တကယ်လက်ရှိ အခြေအနေမှန်နဲ့ ချိန်ထိုးစဉ်းစားပြီး ဆုံးဖြတ်ပေးကြပါတယ်။ ပြောချင်တာကတော့ ဒီဆန္ဒပြမှုကြောင့် အခြား သဘောထား မတူတဲ့ လူအုပ်စုနဲ့ ပဋိပက္ခဖြစ်နိုင်မလား၊ ဆန္ဒပြသူတွေကို လုံခြုံရေး တကယ်ပေးနိုင်ပါ့မလား။ အဲဒီရှုထောင့်တွေကို တကယ်ပဲ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်ကြတာပါ။ ဘယ်သူ့ကို ဆန္ဒပြမှာ၊ ဘယ်အကြောင်းအရာကို ဆန္ဒပြမှာ ဆိုတာတွေကို အဓိကမထားကြပါဘူး။ သမ္မတကို ဆန္ဒပြလည်း ရပါတယ်။ လွှတ်တော်ကို ဆန္ဒပြလည်း ရပါတယ်။ ဒီမှာတော့ ဘယ်သူ့ကို ဆန္ဒပြမှာ ဘယ်အကြောင်းအရာကို ဆန္ဒပြမှာ ဆိုတာကို အဓိကကြည့်ပြီး မပေးချင်ရင် ပဋိပက္ခဖြစ်နိုင်တယ်၊ လုံခြုံရေး မပေးနိုင်ဘူး စတဲ့အရာတွေကို အကြောင်းပြချက်အနေနဲ့ သုံးပြီး တားကြပါတယ်။ ဆန္ဒပြမယ့် အကြောင်းအရာကို တင်ပြရာမှာလည်း အတိအကျ တင်ပြရတဲ့အတွက် အခြားအလွှာ၊ အခြား အကြောင်းအရာတွေကို တင်ပြ တောင်းဆိုဖို့ မဖြစ်နိုင်တော့ပါဘူး။  ဒီမိုကရေစီ အသားကျနေတဲ့ နိုင်ငံတွေမှာ ခွင့်ပြုချက်နဲ့ မဟုတ်ဘဲ ဆန္ဒပြရင်လည်း ခဏထိန်းသိမ်းတာကလွဲရင် ပြန်လွှတ်ပေးတတ်တာသာ များပြီး အငြိုးတကြီး အရေးယူတာမျိုးကို မလုပ်ကြပါဘူး။ ဆန္ဒပြမှုမှာ စိတ်ခံစားချက်တွေ များပြီး ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ရင်တောင် ခေတ္တထိန်းသိမ်းတာသာ များပြီး ပြန်လွှတ်တာ များပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီနိုင်ငံတွေမှာ အဲဒီလို လုပ်ဆောင်နိုင်အောင် ဥပဒေတွေထဲမှာ ပြဋ္ဌာန်းထားတာမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်သူတွေရဲ့ သည်းခံမှု၊ သဘောထားကြီးမှုတွေကပဲ ဒီလို ဆုံးဖြတ်ဖြစ်အောင် ထိန်းကျောင်းသွားတာပါ။ သက်ညှာမှုတွေ မလုပ်ဆောင်လို့ အုပ်ချုပ်သူတွေကို ပြန်အရေးယူတယ် ဆိုတာမျိုးလည်း အဲဒီ ဥပဒေတွေမှာ ရှိမနေပါဘူး။    ခ။ ဆန္ဒပြမှုများ၏ နောက်ဆက်တွဲ ဒီမိုကရေစီ အသားကျနေတဲ့ နိုင်ငံတွေမှာ ဆန္ဒပြမှုကို မိမိ ဘာဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်မှုအဖြစ် အသိအမှတ်ပြုပြီး နောက်ဆက်တွဲအဖြစ်လည်း အဲဒီဆန္ဒကို လေးလေးစားစား ဆွေးနွေးပြီး အတတ်နိုင်ဆုံး အကောင်အထည်ဖော်တဲ့ အဆင့်က ကပ်လိုက်လာတတ်ပါတယ်။ မြန်မာပြည်ရဲ့ ဆန္ဒပြမှုတွေကတော့ ဆန္ဒပြမှုကိုသာ ခွင့်ပြုခဲ့ပြီး နောက်ဆက်တွဲတွေကတော့ လျစ်လျူရှုမြဲ ဆိုတာကိုသာ ရာခိုင်နှုန်းတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ ဆန္ဒပြခွင့်ပေးလိုက်တာကိုက တော်တော်လိုက်လျောလိုက်ပြီလို့ အုပ်ချုပ်သူတွေက အထင်ရောက်ကြပြီး နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ပေးဖို့အတွက်ကို ခေါင်းထဲကို မထည့်တတ်ကြတာကို  တွေ့ရပါတယ်။ ဒီလို နောက်ဆက်တွဲ လုပ်ဆောင်မှုဟာလည်း မဖြစ်မနေ လုပ်ရမယ်လို့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ အုပ်ချုပ်သူတွေရဲ့ သည်းခံမှု၊ သဘောထားကြီးမှုတွေကြောင့်ပဲ ဒါတွေ ဆက်ဖြစ်လာတာပါ။    ၃။ ဒီမိုကရေစီခေတ်နှင့် စည်းရုံးလှုံ့ဆော်ခြင်း သို့မဟုတ် အက်ဒဗိုကေစီ (Advocacy) နောက်ထပ် ဒီမိုကရေစီ ဆိုတာနဲ့ ပါလာတာကတော့ စည်းရုံးလှုံ့ဆော်ခြင်း Advocacy ပါပဲ။ ဒီမိုကရေစီစနစ်မှာ ဆန္ဒပြခြင်းနဲ့ ဘာတွေ ဖြစ်ချင်တယ် ဘယ်လို ဆန္ဒရှိတယ်ဆိုတာတွေကို ဖော်ထုတ်ပြသအပြီးမှာ နောက်တဆင့်အဖြစ် ဆုံးဖြတ်ချက်ချပေးနိုင်မယ့် မူဝါဒရေးဆွဲသူတွေ သိအောင် လုပ်ဖို့ အဆင့်တခု ထပ်ထားပေးတာပါပဲ။ အဲဒါကတော့ ပြည်သူတွေက သူတို့ လိုလားတာတွေ၊ ပြောဆိုချင်တာတွေ၊ ဖြစ်ချင်တာတွေကို လူချင်းတွေ့ပြီး ပြောဆိုနိုင်အောင် ဆုံးဖြတ်ချက်ချသူ အာဏာပိုင်များက တံခါးဖွင့်ပေးခဲ့တာပါပဲ။ ပြည်သူတွေက သူတို့ ဖြစ်ချင်တာကို အဲဒီအာဏာပိုင်တွေက လုပ်ပေးနိုင်အောင် စည်းရုံးလှုံ့ဆော်နိုင်မယ့် အခွင့်အလမ်းကို ပေးအပ်တဲ့ သဘောပါပဲ။ ဒီလိုအခွင့်အလမ်းမျိုးဟာ စစ်အာဏာရှင်၊ တပါတီ အာဏာရှင်တွေရဲ့ လက်ထက်မှာတုန်းက အိပ်မက်တောင် မမက်ရဲတဲ့ အရာတွေပါ။ ဘယ်အာဏာပိုင်၊ ဘယ်စစ်ဗိုလ်ချုပ်ကမှ အဲဒီလို လုပ်နိုင်မယ့် အခွင့်အရေးပေးမထားပါဘူး။ သူတို့ ပြောတာကိုသာ နားထောင်ခဲ့ရတာ ဖြစ်ပြီး ပြည်သူတွေ ပြောချင်တာကို ပြောခွင့်ပါမှ ရခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၀ နောက်ပိုင်းမှာတော့ အဲဒီအခွင့်အရေးလည်း ရရှိခဲ့ကြပါတယ်။ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့ဆန္ဒတွေကို လမ်းပေါ်မှာ ဆန္ဒပြ ထုတ်ဖော်ရုံတင်မဟုတ်ဘဲ အုပ်ချုပ်သူ၊ ဆုံးဖြတ်ချက်ချသူတွေဆီကိုပါ သွားပြီး ပြောဆိုစည်းရုံးနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ စည်းရုံးလှုံ့ဆော်ခြင်း ( Advocacy) လမ်းကိုပါ ဖွင့်ပေးခဲ့ကြပါတယ်။  အဲဒီတော့ ဒီအခြေအနေဟာ အောင်မြင်မှုတခုပါပဲလား။ မြန်မာပြည်သူတွေအတွက်  ကောင်းကျိုးတွေ ဆောင်ကြဉ်းလာနိုင်မယ့် အခြေအနေတခုလား။   ဒီမိုကရေစီခေတ်၏ စည်းရုံးလှုံ့ဆော်ခြင်း၊ သို့မဟုတ် Advocacy ကို ဆန်းစစ်ကြည့်ခြင်း ဒီမိုကရေစီ အသားကျနေတဲ့ နိုင်ငံတွေမှာ Advocacy ဆိုတာ ပြည်သူတွေအတွက် တကယ့်အရေးပါတဲ့ လုပ်ဆောင်မှုတခုပါ။ ဆန္ဒပြပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကို ထုတ်ဖော်တာအပြင် လူချင်းတွေ့ပြီး ဘာတွေ လုပ်ချင်တယ်ဆိုတာကို အုပ်ချုပ်သူ၊ ဆုံးဖြတ်ချက်ချရသူတွေ သိအောင် ပြောပြနိုင်လို့ပါ။ အုပ်ချုပ်သူတွေအနေနဲ့လည်း ဒီမိုကရေစီရဲ့ အဓိကကျတဲ့အချက်တခု ဖြစ်တဲ့ လူထုနဲ့ ဆက်ဆံရေး (Public Engagement) လုပ်ရတာဖြစ်ပြီး ဒီမိုကရေစီရဲ့ အသက်ဖြစ်တဲ့ လူထုဆန္ဒကို ဖော်ထုတ်ရတာမို့ အထူးအလေးပေး လုပ်ဆောင်ကြပါတယ်။ ပြည်သူတွေ ပြောတာကို နားထောင်ပြီးရင်လည်း ဆက်လက်လုပ်ဆောင်ဖို့ကို သေသေချာချာ လေးလေးနက်နက် လေးလေးစားစား ဆွေးနွေးပြီး အကောင်အထည်ဖော်တဲ့ အဆင့်ကို ဆက်သွားကြဖို့ဘက်ကိုပဲ ဦးတည်လုပ်ဆောင်ကြပါတယ်။ အာဏာသည် ပြည်သူမှ ဆင်းသက်သည်ဆိုတဲ့ ကျနော်တို့ မြန်မာပြည်မှာတော့ အခု ရနေပြီဆိုတဲ့ Advocacyအရ အချိန်ကုန်၊ ငွေကုန်၊ လူပန်းခံပြီး အုပ်ချုပ်သူ ဆုံးဖြတ်ချက်ချသူ မူဝါဒချမှတ်သူများကို သွားတွေ့ပြီး အာပေါက်အောင် ပြောကြပေမယ့် ဒီဘက်နားကဝင် ဟိုဘက်နားကသာ ထွက်သွားကြတာပါ။ ဒီက အာဏာပိုင်များဟာ လူထုနဲ့ ဆက်ဆံရေး (Public Engagement) တော့ လုပ်ကြပေမယ့် ဒီမိုကရေစီရဲ့အသက်ဖြစ်တဲ့ လူထုဆန္ဒကို  ဖော်ထုတ်လုပ်ဆောင်ဖို့ဆိုတဲ့ ဒုတိယပိုင်းတော့ အားအလွန်နည်းကြတာကို တွေ့ရပါတယ်။ ဥပဒေထဲမှာ ထည့်ပြီး ထိန်းသိမ်းဖို့ မဖြစ်နိုင်တဲ့ ဒီကိစ္စတွေဟာလည်း အုပ်ချုပ်သူတွေရဲ့ သည်းခံမှု၊ သဘောထားကြီးမှုတွေကြောင့်ပဲ ဖြစ်ရတာပါ။ မြန်မာနိုင်ငံရဲ့ အာဏာပိုင်များမှာတော့ အဲဒီတန်ဖိုးတွေ ရှားပါးနေဆဲပါပဲ။   ၄။ ဒီမိုကရေစီ၏ အားနည်းချက်များနှင့်မြန်မာပြည် အထက်မှာ ဖော်ပြခဲ့တဲ့ တရားဝင်ဆန္ဒပြခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့် (Advocacy) ဆိုတာတွေဟာ ဒီမိုကရေစီမရှိတဲ့ နိုင်ငံတွေမှာ မရရှိနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်တာကြောင့် အလွန်ကောင်းမွန်တဲ့ ကိစ္စရပ်တွေလို့ အကြမ်းဖျင်း ပြောနိုင်မှာပါ။ သို့သော်လည်း တကယ်ပဲ အဓိပ္ပာယ်ရှိရှိ ဆက်လက်အကောင်အထည်ဖော်ပေးတယ် ဆိုတဲ့ အုပ်ချုပ်သူတွေရဲ့ သည်းခံမှု၊ သဘောထားကြီးမှု၊ စိတ်စေတနာတွေနဲ့မှ လုပ်ဆောင်ရမယ့်အပိုင်းတွေကိုတော့ ဥပဒေအရ အာမမခံနိုင်တာဟာ အားနည်းချက်တခုအနေနဲ့ တွေ့ရပါတယ်။ နောက်တခုအနေနဲ့ ခွင့်ပြုချက်မတင်သူ၊ ပဋိပက္ခအသွင် ရောက်သွားတဲ့ အခြေအနေ စတာတွေကို ကိုင်တွယ်ရာမှာလည်း အရေးကြီးလှတဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေရဲ့ စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု စသဖြင့်တွေကို ဥပဒေပြဋ္ဌာန်းပြီး ရှိစေနိုင်တာ မဟုတ်တာပါပဲ။ ၂၀၁၀ အပြောင်းအလဲ လုပ်မယ်ဆိုကတည်းက ပြောင်းမယ် ဆိုသူတွေဟာ အဲဒီအားနည်းချက်တွေကို အကာအကွယ်ယူပြီးတော့ နာမည်ကောင်းယူရုံသက်သက်ပဲ လုပ်ကြမှာလားလို့ ပူပန်ခဲ့ဖူးပါတယ်။ အနီးဆုံးဥပမာ ဆိုရင်တော့ ကမ္ဘောဒီးယားမှာလိုပေါ့။ အခု ဒီမိုကရေစီသက်တမ်း ၁၀ နှစ်ပြည့်ခါနီးမှာတော့ အဲဒီပူပန်မှုဟာ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ယူဆပါတယ်။ ဒီမိုကရေစီဆိုတာ မရှိခင်က ဘယ်အာဏာပိုင်နဲ့မှလည်း မျက်နှာချင်းဆိုင် စကားပြောဖို့ဆိုတာ အခွင့်အလမ်းမရှိခဲ့ဘဲ ပြည်သူတွေဟာ ဖြစ်ချင်တာတွေအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြ၊ လူထုတိုက်ပွဲ ဆင်နွှဲခဲ့ကြတယ်။ အစိုးရ ပြောင်းသွား၊ သို့မဟုတ် ဆွေးနွေးလိုက်လျောလာရတဲ့ အဆင့်အထိ ရည်မှန်းချက်ထားကြတယ်။ အစိုးရက ဆက်ပြီးအုပ်ချုပ်ဖို့ မဖြစ်သာတော့တဲ့ အခြေအနေမှာ ဆွေးနွေးညှိနှိုင်းပြီး ပြည်သူတွေ ဖြစ်ချင်တာကို နားထောင်ရပြီဆိုတာနဲ့ အစိုးရက ဆက်ပြီး လုပ်ပေးရမယ်ဆိုတဲ့ အဆင့်ကလည်း ကပ်လျက် ပါလာတတ်ပါတယ်။ သို့သော် အခက်အခဲကတော့ အဲဒီအဆင့်ရောက်အောင် လူထုတိုက်ပွဲဖော်ဖို့၊ ဆန္ဒတွေပြနိုင်ဖို့က တဖက်က အာဏာရှင်ရဲ့ ရက်စက်စွာဖိနှိပ်မှုတွေကြောင့် ခက်ခက်ခဲခဲ ကြိုးပမ်းမှ ရနိုင်မယ် ဆိုတာပါပဲ။  ဒီမိုကရေစီဆိုတာ ရှိလာပြီးနောက်ပိုင်းမှာတော့ အကြမ်းဖျင်းကြည့်ရင် တရားဝင် ဆန္ဒပြခွင့်ရလာတယ်။ အာဏာပိုင်တွေနဲ့ တရားဝင် တွေ့ဆုံညှိနှိုင်းခွင့် စည်းရုံးခွင့်ရလာတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖော်ထုတ်သမျှ ဆန္ဒ၊ တင်ပြသမျှ အကြောင်းအရာ၊ ညှိနှိုင်းသမျှ ကိစ္စရပ်တွေကို စောင့်ကြည့်၊ နားထောင်တာကလွဲရင် လိုက်လျော အကောင်အထည်ဖော်မှုပိုင်းမှာတော့ မဖြစ်သလောက်ပဲ ဆိုတာကို တွေ့နေရပါတယ်။ အဲဒီတော့ ဒီမိုကရေစီဆိုတာမတိုင်ခင်နဲ့ ဒီမိုကရေစီခေတ်ဆိုတာကို နှိုင်းယှဉ်ကြည့်ရင် လူထုတွေရဲ့ဆန္ဒကို တင်ပြတောင်းဆိုရာမှ ဘာထူးခြားမှုမှ မတွေ့ရတာကို တွေ့ရပေမယ့် ဒီမိုကရေစီခေတ်ဆိုတဲ့ ခေတ်မှာတော့ အစိုးရ၊ အုပ်ချုပ်သူ၊ အာဏာပိုင်ဆိုသူတွေအတွက် လူထုကို ဆန္ဒပြခွင့်ပေးတယ်၊ တွေ့ဆုံဆွေးနွေးခွင့်ပေးတယ်ဆိုတဲ့ ရလဒ်မဲ့ အမှတ်တွေ တက်နေရတော့တာပါပဲ။ အဲဒီထက် ပိုဆိုးတာကတော့ …….   ၅။ တစိတ်တပိုင်း ဒီမိုကရေစီ၏ သက်ရောက်မှု၊ သို့မဟုတ် လူထုတိုက်ပွဲအား သင်းသတ်ခြင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရပြီဆိုတဲ့အချိန်မှာ အဓိပ္ပာယ်ရှိရှိ ထိထိရောက်ရောက် ပိုကောင်းလာတာ မရှိဘဲ အာဏာရှင် ဆိုသူတွေအတွက်  အမှတ်တွေတက် ချီးမွမ်းခံရတာပဲ အဖတ်တင်ခဲ့ရတယ် ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထက် ဆိုးရွားတဲ့ သက်ရောက်မှုတခုကတော့ လူထုတိုက်ပွဲတွေ ဖန်တီးဖို့ အရမ်းခက်သွားတာပါပဲ။ လူထုတိုက်ပွဲအဆင့်ကို တက်နိုင်ဖို့ဆိုရင် ဆန္ဒပြပွဲတွေကို စပြီးရင် အလွှာစုံနဲ့ ထိတွေ့နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ဆန္ဒပြပွဲဟာ အတိုင်းအတာတခုအထိ ရက်ရှည်ရမှာ ဖြစ်ပါတယ်။ ရက်ရှည်ဆန္ဒပြဖို့ ကြိုးစားတာနဲ့ တပြိုင်နက်တည်း ဆန္ဒပြခွင့် တရားဝင်ပေးထားတာကိုတောင် ပိုလိုချင်ကြသလား၊ တရားဝင် တွေ့ဆုံတင်ပြခွင့် ပေးထားတာကိုတောင် ဒါမျိုးလုပ်ဖို့ လိုသလားဆိုတဲ့ ပြည်သူတွေရဲ့ အမြင်စောင်းမယ့်ဒဏ်တွေကို ခံရမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်များခေတ်က တနေရာမှာ အလွှာတခုက ဆန္ဒပြပြီဆို အခြားအလွှာတွေ လာပြီးပူးပေါင်းဖို့ အဆင်သင့် ရှိကြပါတယ်။ ပြဿနာတွေ ကိုယ်စီရှိသလို ဆန္ဒပြမှုတခုကို စတင်ပြုလုပ်ဖို့ အချိန်တခု ဆွဲထားနိုင်ဖို့ မလွယ်ကူတဲ့အတွက် ပူးပေါင်းဖို့ စိတ်သန်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဒီမိုကရေစီ ဆိုတဲ့ခေတ်မှာတော့ အလွှာတိုင်းက ဆန္ဒပြဖို့ ခွင့်ပြုချက် တင်နိုင် ပြနိုင်နေပြီ ဖြစ်တဲ့အတွက် ခုနလို ပူးပေါင်းဖို့ခက်လာတဲ့အပြင် တခြားအလွှာကိစ္စတွေကို ထည့်ပြောရင်တောင် ဆန္ဒပြသူတွေကို မဆိုင်တာတွေ လုပ်တယ်ဆိုပြီး အပြစ်တင်လာကြပါတယ်။ ဆန္ဒပြသူများ ကိုယ်တိုင်ကလည်း ခွင့်ပြုချက်တင်ထားတဲ့ကိစ္စနဲ့ မဆိုင်တာကို ပြောမယ်ဆို အရေးယူခံရမှာစိုးတာကြောင့် ပြောဖို့ကို ဝန်လေးကြတာပါ။ ခွင့်ပြုချက်တင်ရင် ဆန္ဒပြခွင့် ရမယ်၊ နေ့တော့ မကူးစေရဘူး၊ အဖမ်းခံရဖို့လည်း မရှိဘူးဆိုတော့ ဆန္ဒပြသူတွေ များလာတာကြောင့်လည်း ဆန္ဒပြမှုတွေကို အရင်ကလိုလူတွေက တန်ဖိုးမထားတော့တာလည်း ပါပါတယ်။ ကိုယ်တိုင် ပါဝင်ကြဖို့ မပြောနဲ့၊ ထောက်ခံဖို့တောင် ခက်လာကြပါတယ်။ အဲဒီတော့ ချုပ်ပြောရရင် ဒီမိုကရေစီခေတ်မှာ လူထုတိုက်ပွဲကြီး ဖော်ဆောင်ဖို့ တကယ်ပဲ ခက်ခဲသွားခဲ့ရပါတယ်။ လူထုဟာ ထောက်ခံဖို့ထက် အပြစ်ပဲ မြင်လာစေမယ့် အခင်းအကျင်း ဖြစ်နေတာက တကယ့်စိန်ခေါ်မှု ဖြစ်နေပါတယ်။ တဖက်မှာလည်း တကယ့်ဒီမိုကရေစီစံနှုန်းတွေအတိုင်း လူထုဆန္ဒကို အလေးထားတာမျိုး တကယ်မရှိတဲ့အခါ ဒီအခြေအနေဟာ လူထုအတွက် တကယ်နစ်နာပါတယ်။ ဒီမိုကရေစီဟာ လူထုတိုက်ပွဲကို သင်းသတ်လိုက်ပါပြီ။ အသက်ငွေ့ငွေ့ပဲ ကျန်ပါတော့တယ်။ အထူးအရေးကြီးဆုံး တချက်ကတော့ သြဇာရှိတဲ့ ခေါင်းဆောင်တွေ၊ လူထုတိုက်ပွဲကို ဖော်ထုတ်နိုင်ခြေရှိမယ့် ခေါင်းဆောင်တွေဟာလည်း လက်ရှိ အခင်းအကျင်းကို အစပြုစဉ်ကတည်းက လက်ခံပြီး အဲဒီအခင်းအကျင်းထဲမှာပဲ ဝင်ကစားခဲ့ကြတဲ့အတွက် လူထုတိုက်ပွဲကို ဖော်နိုင်မယ့် အခြေအနေဟာ ပိုပြီးဝေးကွာသွားခဲ့ရပြီး လက်ရှိအတုအယောင် အခင်းအကျင်းကသာ ခိုင်သည်ထက် ခိုင်လာခဲ့ရတော့တာပါ။    ၆။ လက်ရှိ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အထက်က ပြောခဲ့တဲ့ အခင်းအကျင်းတွေ အားလုံးကို မြန်မာပြည်မှာ ခိုင်မာစေခဲ့တဲ့ မြစ်ဖျားခံရာကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ ဒါကြောင့်လည်း အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့ လုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီတုန်းကတော့ NLD ကလည်း မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ စဉ်းစားချက်ဟာ တကယ်ကတော့ လူထုတိုက်ပွဲနဲ့ပဲ မြန်မာပြည်မှာ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ် ဆိုတာတွေ ရအောင် လုပ်ရမယ်ဆိုတဲ့ အယူအဆကြောင့်ပါ။ ၂၀၁၀ အလွန်မှာ NLD နဲ့ ၁၉၉၀ ပါတီ တော်တော်များများက ပါတီမှတ်ပုံပြန်တင်ဖို့ စပြီးစဉ်းစားစဉ်မှာ ဘဝင်မကျသလို ဖြစ်ခဲ့ပေမယ့် ပလက်ဖောင်းတခု လိုတယ် ဆိုတာကိုလည်း ငြင်းမရတဲ့အတွက် အများကြီးတော့ ဝေဖန်ဖို့ ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်ထားခဲ့တာကတော့ ပါတီရပ်တည်နိုင်ရုံ အ‌ရေအတွက်လောက်သာ ရွေးကောက်ပွဲ ဝင်ကြပြီး ပါတီရဲ့ အဓိကခေါင်းဆောင်တွေက ရွေးကောက်ပွဲမဝင်ဘဲ မပြီးပြတ်သေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် ဆက်ရပ်တည်သွားကြမယ်လို့ပါ။ လက်တွေ့မှာတော့ အဓိကပါတီဖြစ်တဲ့ NLD မှာ ခေါင်းဆောင်ကအစ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို တွေ့ရပါတယ်။ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ အဲဒီအချိန်က စစ်တပ်အစိုးရ ဖြစ်တဲ့ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ) ရဲ့ ၂၀၀၀  ကျော် ကာလတွေကတည်းက ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၉၀ တုန်းက အဓိကလူထုခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ တုန်းက ပါတီခေါင်းဆောင်တွေလည်း ဖြစ်သူတွေက အဲဒီလမ်းပြမြေပုံ တစိတ်တပိုင်းအဖြစ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ကြမယ်ဆိုရင် စစ်အစိုးရအတွက် အောင်မြင်မှုလို့ ပြောနိုင်မှာမို့ အဲဒီခေါင်းဆောင်တွေကို စစ်အစိုးရက တကယ်ပဲ ရွေးကောက်ပွဲတွေမှာ ပါဝင်စေချင်ခဲ့ပါတယ်။ အဓိကခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ အဲဒီခေါင်းဆောင်တွေဟာ စစ်တပ်က သူတို့ကို ရွေးကောက်ပွဲဝင်စေချင်တယ်ဆိုတဲ့ အချက်ကိုစွဲကိုင်ပြီး ရွေးကောက်ပွဲမဝင်ခင်မှာ တိုင်းပြည်အတွက် ဘာတွေ လုပ်ပေးရမယ် ဆိုတာမျိုးတွေ သူတို့ဘက်က တောင်းဆိုပြီး အပေးအယူလုပ်မလားလို့ မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်တာ လုံးဝ မတွေ့ခဲ့ရပါဘူး။  အဲဒီတော့ အပြင်က မြင်ရသူတယောက်အနေနဲ့ကတော့ လူထုတိုက်ပွဲပုံစံနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ရယူသွားမယ့်လမ်းကို မသုံးတော့ဘဲ စစ်အုပ်စုရဲ့ ခင်းထားတဲ့လမ်းပေါ်ကို ဝင်လျှောက်ပြီး စစ်အုပ်စုနဲ့ ညှိနှိူင်းပြီး တိုင်းပြည် လိုအပ်ချက်တွေကို ရယူနိုင်အောင် လုပ်ဆောင်တော့မယ်လို့ပဲ ယူဆလိုက်မိပါတယ်။ လူထုတိုက်ပွဲစစ်စစ် ပုံစံကြီး မဟုတ်တော့ပေမယ့် လက်ရှိ အခင်းအကျင်းတွင်း (လွှတ်တော်တွင်း) က စစ်အုပ်စုနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတဲ့အချိန်မှာ လွှတ်တော်ပြင်ပက လူထုတွေရဲ့ ထုတ်ဖော်တဲ့ဆန္ဒတွေကို အားအဖြစ်နဲ့ ဆွဲယူပြီး လုပ်ဆောင်သွားမလားလို့တော့ မျှော်လင့်ခဲ့မိပါသေးတယ်။  လက်တွေ့မှာတော့ ဒီမိုကရေစီ ဖက်ဒရယ်တိုက်ပွဲကာလတလျှောက် အဓိကဦးဆောင်နေရာက ပါဝင်ခဲ့တဲ့ NLD ဟာ လူထုတိုက်ပွဲတောင် မဟုတ်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြတာကိုတောင် အားမပေးတဲ့ သဘောထားတွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ခုနက မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားခဲ့ရပါတယ်။ လက်ရှိအခြေအနေဟာ အထက်မှာ သုံးသပ်ပြခဲ့သလို ဒီမိုကရေစီရဲ့ အားနည်းချက်တွေကြောင့် လူထုတိုက်ပွဲဆိုတာမျိုးကို ဖော်ဖို့ မျှော်လင့်ချက် အနည်းဆုံး အခြေအနေ ဖြစ်နေတယ် ဆိုတာ ပိုပြီးရုပ်လုံးပေါ်လာသလို ဘယ်လို ဆန္ဒပြမှုမျိုးနဲ့မှ မချိတ်ဆက်ဘဲ သွားတဲ့ NLD ရဲ့ စစ်အုပ်စုနဲ့ ညှိနှိူင်းမှုဆိုတာကလည်း ဘာမှရလဒ် မထွက်လာတာကို အထင်အရှား တွေ့လာရပါတယ်။ အစိုးရဖွဲ့အပြီး ၃ နှစ်လောက်အထိ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ အဓိကဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို လုံးဝမဟတော့တဲ့အချက်ကလည်း ညှိနှိုင်းမှုတောင် မလုပ်သလောက် ဖြစ်နေတဲ့ အခြေအနေကို ပြလိုက်တာပါပဲ။  အဲဒီအခြေအနေ ဖြစ်နေချိန်မှာ NLD ဟာ ၂၀၁၉ အစောပိုင်းကစပြီး လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို စတင်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ NLD ရဲ့ လုပ်ဆောင်မှုကို သုံးသပ်ကြည့်ရင် ပထမအဆင့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘယ်အချက်တွေကို ပြင်ချင်လဲ ဆိုတာကို လွှတ်တော်ထဲမှာ ပါတီအသီးသီးကနေ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်ကိုယ်စားလှယ်တွေ အပါအဝင်ပေါ့) က ဝိုင်းပြီးတင်ပြနိုင်ဖို့ လုပ်ပါတယ်။ အဲဒါကတော့ အခု ပြောပြောနေကြတဲ့ ၄၅ ဦးကော်မတီပါပဲ။  အဲဒီအဆင့်မှာ တင်ပြသမျှကို မှတ်သားပြီး တလောက ထုတ်ပြန်သွားတာပါ။ အချက် ၃၀၀၀ ကျော် ရခဲ့ပါတယ်။ နောက်တဆင့်အနေနဲ့ကတော့ အဲဒါကို တကယ်ပဲ ပြင်ဆင်သင့်တဲ့ အချက်လား ဆိုတာကို အခန်းလိုက်၊ အပိုင်းလိုက် လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တာပါ။ အခုလက်ရှိ အဲဒါကို လုပ်နေပါတယ်။‌ အဲဒီအဆင့်မှာတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်နေရာ အများဆုံး ရထားတဲ့ ပါတီကပဲ အနိုင်ရနေမှာပါ။  အဲဒီကမှ နောက်ဆုံးအနေနဲ့ အချက်တွေ ထွက်လာပြီဆိုရင် တကယ် ပြင်ဆင်ဖို့အတွက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ဆင်ရေးဥပဒေဖြစ်တဲ့ ၄၃၆ နဲ့ပဲ ပြန်သွားရမှာပါ။ တချက်စီတိုင်းအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ ထောက်ခံကြောင်း အရင်စုစည်းရမှာဖြစ်ပြီး (မဲခွဲ ဆုံးဖြတ်လိုက်တဲ့အတွက် ၂၀ ရာခိုင်နှုန်းကျော် ကိစ္စပြီးပြီလို့လည်း ယူဆလို့ရမယ် ထင်ပါတယ်) ရပြီဆို လွှတ်တော်ကိုတင်၊ အဲဒီကမှ ဆွေးနွေးပြီးရင် ၇၅ ရာခိုင်နှုန်းကျော်မှဆိုတဲ့ ဆုံးဖြတ်ချက်ကိုယူ၊ ပြည်သူ့ဆန္ဒခံယူဖို့လိုမယ့်ပုဒ်မ ဆိုရင်  ပြည်သူ့ဆန္ဒ ထပ်ခံယူ အဲဒီလို ဆက်သွားကြရမှာပါ။ အချိန်ယူမယ့် လုပ်ငန်းစဉ်တခုလည်း ဖြစ်သလို နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်မယ့်လုပ်ငန်းစဉ်တခုလို့ပဲ မြင်မိပါတယ်။ အစကတည်းက ဒီ ၄၃၆ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြဋ္ဌာန်းချက်ဟာ ကြီးမားတဲ့ အတားအဆီးတခုလို့ NLD အပါအဝင် အားလုံးက လက်ခံထားပြီးသားမို့ပါ။ စစ်တပ်အတွက် အရေးမကြီးတဲ့ ပုဒ်မတချို့ကို ပြင်ဆင်ခွင့်ရသွားနိုင်တာကလွဲရင် ပြည်သူတွေအတွက် တကယ် အကျိုးကျေးဇူးရှိမယ့် ပုဒ်မတွေကို ပြင်ဆင်နိုင်မယ့် အခြေအနေ အခင်းအကျင်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။  ဒါကြောင့် ဒီစတင်မှုကို ၃ နှစ်နီးပါး ပျောက်ကွယ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အသံပြန်ထွက်လာတဲ့အတွက် အတိုင်းအတာတခုအထိပဲ ကြိုဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ နီးလာတဲ့အချိန် ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ သဘောတရားအရ ရွေးကောက်ပွဲမှာ အာဏာရဖို့ ကြိုးပမ်းတဲ့ မဲဆွယ်မှု အစီအစဉ်တခုဆိုလည်း ဒါဟာ သဘာဝပဲမို့ အပြစ်မဆိုပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ကြံ့ခိုင်ရေးပါတီလည်း ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုပြီး လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တာပါပဲ။ (အဲဒီရလာတဲ့အာဏာနဲ့ နိုင်ငံကို ကောင်းမွန်တဲ့ဘက်ကို ဆွဲခေါ်ဖို့ ရည်ရွယ်ပြီး တကယ်လုပ်ဆောင်ဖို့တော့ လိုတာပေါ့လေ။) ဒီလိုလုပ်တာဟာ မဲဆွယ်နေတာပါလို့ ထုတ်ပြောစရာ မလိုပါဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ အချို့သော ပြည်သူတွေက အရမ်းမျှော်လင့်ချက်တွေထားပြီး နှစ်ရှည်လများ ခံစားခဲ့ကြရတဲ့ နာကြည်းခံစားချက်တွေကြောင့် ကျွံမထွက်သွားအောင်တော့ ရှင်းရှင်းလင်းလင်း သတင်းစကား (Message) ပေးဖို့ လိုပါမယ်။  ဘယ်လောက် အတိုင်းအတာအထိ ခရီးပေါက်နိုင်ပြီး ဘယ်လောက်အတိုင်းအတာပဲ အလုပ်ဖြစ်နိုင်မယ် ဆိုတာကို အရိပ်အမြွက်တော့ ပြောထားဖို့ လိုမှာပါ။ အဲဒီလို မလုပ်ထားခဲ့ရင်တော့ ဒါ နောက်ဆုံးတိုက်ပွဲပဲလို့ ယုံယုံကြည်ကြည် လမ်းပေါ်ထွက်လာကြတဲ့  ပြည်သူတွေဟာ ပြင်ဆင်မှုတွေ ထင်သလောက်ဖြစ်မလာလို့ ဒီထက် ပိုပြင်းထန်လာရင် ဒီကိစ္စကို ဦးဆောင်ခဲ့တဲ့ NLD အနေနဲ့ လက်ရှိအစိုးရလည်း ဖြစ်နေတော့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ တော်တော်စိုးရိမ်မိပါတယ်။ လမ်းပေါ်ထွက်လာမယ့် ပြည်သူတွေဟာ လူထုတိုက်ပွဲ  ဖော်နိုင်လောက်တဲ့အင်အားအထိ ရှိနိုင်မှာ မဟုတ်သလို လူထုတိုက်ပွဲ ဖော်နိုင်လောက်တဲ့အထိ လူထု ပါလာအောင် ဦးဆောင်စည်းရုံးဖို့ကလည်း NLD က အစောပိုင်းကတည်းက လမ်းပေါ်ထွက်တာကို မယုံကြည်ပါဘူး ပြောထားတာကြောင့်ပါပဲ။ အဲဒီတော့ အဲဒီအချိန်မှာ လမ်းပေါ်ထွက်လာတဲ့  ပြည်သူတွေဟာ “ဆူပူလိုသူတွေ ဆိုတဲ့” အခြားသူများရဲ့ စွပ်စွဲချက်တွေ၊ “သွေးထိုးလှုံ့ဆော်မှုကြောင့်၊ လိုချင်တာပဲ သိတဲ့ တွေးခေါ်မှု ညံ့ဖျင်းသူများ ဖြစ်သောကြောင့်” စတဲ့ အစိုးရကိုယ်တိုင်ရဲ့ စွပ်စွဲချက်တွေအောက်မှာ ပြင်းပြင်းထန်ထန် ချေမှုန်းခံရပြီး ဒုက္ခရောက်သွားမှာကိုတော့ အထူးစိုးရိမ်မိပါတယ်။  နောက်တချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မယ် ဆိုတဲ့အပေါ်မှာ တပ်မတော်ရဲ့ တုံ့ပြန်မှုပါ။ NLD အနေနဲ့ အဲဒီအချက်ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာပါ။ တပ်မတော်ဟာ ၂၀၀၈ ကို ပြင်ဖို့ ကြိုးစားပြီဆိုတာနဲ့ သူတို့ရဲ့ အကဲဆတ်တဲ့ ရပ်တည်ချက်ကို မဖြစ်မနေ ပြရမယ်လို့ သဘောထားကြထားပြီးတဲ့ အခြေအနေဆိုတာကို ၂၀၁၅ မတိုင်ခင်ကတည်းကိုက တွေ့မြင်နိုင်ပါတယ်။ အဲဒီတုန်းက အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ တကယ်ဆို တပ်မတော်နဲ့ နီးကပ်တဲ့ပါတီတခု ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ USDP အနေနဲ့ မဲဆွယ်တဲ့သဘောနဲ့ ၂၀၀၈ ကို ပြင်ဖို့ လေသံပစ်တဲ့အခါမှာကို တပ်မတော်က သူ့ရဲ့အကဲဆတ်တဲ့ လုံးဝ သည်းမခံတဲ့ ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။  ဒီတော့ အခုအခါမှာလည်း NLD ဟာ တပ်မတော်နဲ့ ညှိနှိုင်းမှု တစုံတရာ မလုပ်ထားဘဲ ၂၀၀၈ ကို ပြင်ဖို့လုပ်ခဲ့တာဆိုရင် တပ်မတော်ရဲ့ ပြင်းထန်တဲ့ ရပ်တည်ချက်တွေ ပြသလာတာကို ကြုံရနိုင်ဦးမှာပါ။ အဲဒီအခါမှာ ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လို ကျော်လွှားမလဲ ဆိုတာကို ပြင်ဆင်ထားဖို့ လိုပါမယ်။ ဦးကျိုးသွားလို့လည်း မရသလို ပြင်ဆင်မှုမရှိဘဲ ဆင်ကန်းတောတိုးလည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဖိနှိပ်မှုကို မခံစားနိုင်တော့တဲ့ လူထုရဲ့ ပေါက်ကွဲထွက်လာနိုင်မှုကိုလည်း ကြိုတင်စဉ်းစားထားဖို့ လိုပါမယ်။ အထက်မှာ ပြောခဲ့သလိုပဲ အဲဒီလူထုဟာ အထိနာသွားရမှာတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ တကယ်တော့ ၂၀၁၀ မတိုင်ခင်မှာကတည်းက အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် လူထုတိုက်ပွဲဖော်ဖို့က ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့ ခေါင်းဆောင်များရဲ့ သြဇာ၊ လွှမ်းမိုးနိုင်မှု၊၊ လူထုရဲ့ တိမ်းညွှတ်မှု၊ စစ်အာဏာရှင်ရဲ့ အခင်းအကျင်း စတာတွေကြောင့် လူထုတိုက်ပွဲဖော်မယ်ဆို ခက်ခဲသော်လည်း ဖြစ်လာနိုင်မယ်လို့ မျှော်လင့်မယ်ဆို မျှော်လင့်နိုင်သေးတဲ့ အခြေအနေပါ။ ၂၀၁၀ ဒီဘက်မှာတော့ လူထုမှာရော၊ တိုင်းပြည်မှာရော ပြဿနာတွေ ဆက်ရှိနေပေမယ့် ရွေးကောက်ပွဲဝင်လိုက်ပြီးတဲ့နောက် သာမန်နိုင်ငံရေးသမားတယောက်ပမာ ကျဆင်းသွားရတဲ့ ခေါင်းဆောင်များရဲ့ သြဇာ၊ တပိုင်းတစ အခွင့်အရေးများအောက်မှာ ဝေ့ဝါးသွားတဲ့ လူထု၊ စစ်အာဏာရဲ့ ဒီမိုကရေစီမျက်နှာဖုံး စတဲ့ အနုတ်ဆောင် အပြောင်းအလဲများကြောင့် လူထုတိုက်ပွဲဖော်ဖို့ဆိုရင် ခေါင်းဆောင်တွေဟာ ပိုပြီးစွန့်စားရမှာ  ဖြစ်သလို ဘုရင့်နောင် ဖောင်ဖျက်သလိုလည်း ယတိပြတ် ဆုံးဖြတ်ချက်ချပြီး ၂၀၁၀ ကစတဲ့ စစ်အုပ်စုရဲ့ အခင်းအကျင်းကို ကျောခိုင်းပြီး လုပ်ရမယ့် အလုပ်တခု ဖြစ်လာပါတယ်။ ဦးဆောင်သူများအနေနဲ့ မကွဲမပြား လုပ်နေလို့ရတဲ့ အခြေအနေ မဟုတ်နေပါဘူး။  ဒီအခင်းအကျင်းကို ကျောမခိုင်းနိုင်သေးဘူး၊ ဒီအထဲမှာပဲ ဆက်ကစားနေရဦးမယ် ဆိုရင်တော့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့၊ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လိုလားချက်ကို အာမခံနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ စစ်အုပ်စုနဲ့ မဖြစ်မနေ ညှိနှိုင်းရမှာပါ။ အဲဒီလို ညှိနှိုင်းရာမှာလည်း မှန်ကန်သော ညှိနှိုင်းမှုတွေရဲ့ သဘောသဘာဝဖြစ်တဲ့ တိကျခိုင်မာတဲ့ မူဝါဒနဲ့ ညှိရမှာဖြစ်သလို အခင်းအကျင်း အပြင်ဘက် (လွှတ်တော်ပ) က ပြည်သူတွေရဲ့အား၊ မဟာမိတ်တွေရဲ့ အားကိုလည်း ယူရမှာ ဖြစ်ပါတယ်။ လိုအပ်ရင်၊ ထိရောက်မယ်ဆိုရင် နိုင်ငံတကာရဲ့အားကိုလည်း ယူရမှာပါ။ NLD အစိုးရအနေနဲ့ကတော့ ညှိနှိုင်းရမယ့် အခင်းအကျင်းထဲကို ဝင်လိုက်ပေမယ့် တိကျတဲ့ မူဝါဒချပြီး ညှိတာမတွေ့ရဘဲ ပြင်ပက လူထုအား၊ မဟာမိတ်အားတွေကိုလည်း တန်ဖိုးမထားသလို လူထုရဲ့ ဆန္ဒထုတ်ဖော်မှုကိုတောင် ညှိနှိုင်းမှုအတွက် အနှောင့်အယှက်အဖြစ်  မြင်နေတဲ့ သဘောထားကို တွေ့ရပါတယ်။ နိုင်ငံတကာဆက်ဆံရေးဟာလည်း အံ့သြဖို့ကောင်းလောက်အောင် ကျဆင်းခဲ့ရပါတယ်။ အဲဒီတော့ ညှိနှိုင်းမှုဟာ ရှေ့မရောက်ရုံမကဘဲ မူမပါတဲ့အတွက် ဘောင်မဲ့ အလျှော့ပေးနေရသလိုတွေသာ ဖြစ်ခဲ့ရပါတယ်။ ပြန်ချုပ်ရရင်တော့ မြန်မာပြည်ရဲ့ တစိတ်တပိုင်း ဒီမိုကရေစီဟာ လူထုတိုက်ပွဲဖော်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်စေပါတယ်။ ခေါင်းဆောင်တွေရဲ့ အားနဲ့ဆို ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် လက်ရှိခေါင်းဆောင်တွေဟာ လူထုတိုက်ပွဲကို အားမသန်တော့ပဲ လူထုတိုက်ပွဲက ရလာမယ့် ညှိနှိုင်းမှုဆိုတာကိုလည်း ယုံကြည်ကြပုံ မရတော့ပါဘူး။ အခြေအနေတချို့ကလည်း တွန်းပို့ခဲ့တဲ့အတွက် စစ်တပ်ရဲ့ အခင်းအကျင်းထဲမှာပဲ ရသလောက်ယူပြီး ညှိသွားမယ်ဆိုတဲ့ စဉ်းစားချက်ဘက်ကိုပဲ ရွေ့လျားသွားကြပါတယ်။ ဒါဆိုရင် စစ်တပ်နဲ့ ညှိနှိုင်းမှုကို ဇောင်းပေးလုပ်ရုံပါပဲ။ လူထုတိုက်ပွဲ မဟုတ်ပေမယ့် လူထုရဲ့အားကိုယူပြီး တစုံတရာ ခရီးရောက်အောင် ညှိရမှာပါ။ မဟာမိတ်တွေရဲ့ အားကိုလည်း ယူရမှာပါ။ အခက်အခဲတွေ ကြုံလာနိုင်သလို စွန့်စားမှုတွေလည်း မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ အဲဒီလို လုပ်ကြည့်လို့မှ မအောင်မြင်နိုင်ဘူး၊ စွန့်စားကြည့်တာမှာ အဆုံးအရှုံးကြီးလို့ ဆက်မလုပ်သင့်ဘူး ဆိုရင်တော့ လူထု တိုက်ပွဲဘက်ကို ပြန်လှည့်ရမှာပါ။ အခုထိတော့ ဘယ်လို ထိရောက်တဲ့ ညှိနှိူင်းမှုမျိုးကိုမှ လူထုအား၊ မဟာမိတ်အားကို ယူပြီး လုပ်နေတာ မတွေ့ရသလို စွန့်စားမှုပြုတယ် ဆိုတာမျိုးလည်း မတွေ့ရသလောက်ပါပဲ။ အဲဒီ အခြေအနေမှာမှ လူထုတိုက်ပွဲကို ပြန်လှည့်မှာလည်း မဟုတ်ဘဲနဲ့ ၂၀၀၈ ပြင်ဆင်ရေးကို လူထုတိုက်ပွဲအသွင် ဖော်ဆောင်တော့မှာလိုလို ခင်းကျင်းလိုက်တာဟာ  ပြည်သူကို ပိုမိုကောင်းမွန်တဲ့ဆီ ခေါ်ဆောင်သွားမှာထက်စာရင် ဒုက္ခပိုတွေ့စေမှာသာ ဖြစ်ပါတယ်လို့ မြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ သွင်လင်းအောင်
2 years Ago
Up