ဒီဘရိုင်းနှင့် ကန်တေ

August 20, 2021

ဥရောပအကောင်းဆုံးဆု ဆန်ကာတင်စာရင်းတွင် ဂျော်ဂျင်ဟို၊ ဒီဘရိုင်းနှင့် ကန်တေတို့ ရွေးချယ်ခံရ

ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးက ဒီဘရိုင်း၊ ချဲလ်ဆီးက ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့ပါဝင်လာပါတယ်။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်းတက်ရောက်  အောင်စွမ်းဆောင်နိုင်ခဲ့သူပါ။

ချဲလ်ဆီးကွင်းလယ်လူ ၂ ဦးကတော့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ပြီး ဂျော်ဂျင်ဟိုကတော့ အီတလီနဲ့အတူ ယူရိုချန်ပီယံ ဆုဖလားကိုပါ ရယူနိုင်ခဲ့တာပါ။

အကောင်းဆုံးဆု အတွက် အမှတ်ပေးခဲ့ကြရာမှာ မက်ဆီက ၁၄၈ မှတ်နဲ့ အဆင့် ၄ နေရာမှာရပ်တည်ခဲ့ပြီး လီဝန်ဒေါစကီး၊ ဒမ်မာရမ်နာ ၊အမ်ဘာပေ၊ စတာလင်၊ စီရော်နယ်ဒိုနဲ့ ဟာလန်းတို့က ထိပ်ဆုံးမှာအစဉ်လိုက်ရပ်တည် ခဲ့ကြတာပါ။

ဥရောပအကောင်းဆုံးဘောလုံးသမားဆုကိုတော့ သြဂုတ် ၂၆ ရက်မှာ ကြေညာမှာဖြစ်ပါတယ်။ ဆန်ကာတင်သုံးဦးကို မဲပေးရွေးချယ်ရာမှာ ယူရိုပြိုင်ပွဲဝင် ၂၄ သင်းက နည်းပြ ၂၄ ဦး၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကစားခဲ့တဲ့ အသင်းပေါင်း ၈၀ က နည်းပြတွေနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံတွေက ဂျာနယ်လစ် ၅၅ ဦးတို့က ပထမ၊ ဒုတိယနဲ့တတိယ ရွေးချယ်ပေးသွားရမှာဖြစ်ပါတယ်။ 

အကောင်းဆုံး နည်းပြဆုအတွက် ဆန်ကာတင်သုံးဦးမှာတော့ ချဲလ်ဆီးနည်းပြတူချယ်၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အီတလီနည်းပြမန်ချီနီတို့ ပါဝင်ပါတယ်။

4 months Ago
Up