ဒီဗွီဘီ တီဗွီတွင် ဗွီအိုအေရုပ်သံ ထည့်သွင်းထုတ်လွှင့်ပြသ

October 16, 2016

ဒီဗွီဘီ တီဗွီတွင် ဗွီအိုအေရုပ်သံ ထည့်သွင်းထုတ်လွှင့်ပြသ

ဒီဗွီဘီရုပ်မြင်သံကြားမှာ ဗွီအိုအေရုပ်သံအစီအစဉ်တွေကို ထုတ်လွှင့်ပြသနိုင်ရေးအတွက် နှစ်ဘက်သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဗွီအိုအေ အစီအစဉ်တွေကို ဒီဗွီဘီ ရုပ်သံမှာ ပြသနိုင်ရေး MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး အခန်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်အားပေးစကားပြောခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်းက “အခု အသံလွှင့်ဌာနနဲ့ ရုပ်သံလွှင့်ဌာနတို့ဟာ သူတို့နဲ့ အင်မတန်မှ ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်တယ်၊ အထူးသဖြင့်တော့ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းက ညီအစ်ကိုတော်တွေ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။ ဗွီအိုအေ ရဲ့ ရုပ်သံသတင်းနဲ့ အစီအစဉ်တွေကို ဒီဗွီဘီရုပ်သံ အစီအစဉ်တွေမှာ တနေ့ နှစ်ကြိမ် ထည့်သွင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ နေ့စဉ် မနက် ၉ နာရီခွဲနဲ့ ည ၁၀ နာရီတို့မှာ ထုတ်လွှင့်ပေးမှာဖြစ်ပြီး တကြိမ် မိနစ် ၃၀ ကြာ ထုတ်လွှင့်ပေးမှာပါ။ ဗွီအိုအေ ရုပ်သံထုတ်လွှင့်ချက်တွေမှာ သတင်း၊ သတင်းဆောင်းပါး၊ ကျန်းမာရေး စတဲ့ အစီ အစဉ်တွေ ပါဝင်ပါတယ်။ ဓာတ်ပုံ - ကေခိုင်ကျော်၊ လင်းဆက်အောင်    
6 years Ago
Up