ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးအမှု အာမခံ မရသေး

June 8, 2019

ဘဝသစ်ကျောင်းတိုက်ဆရာတော်နှင့် ဒီဗွီဘီ စီဂျေသတင်းထောက်အမှုကျေအေး

ပဲခူးမြို့ ဘဝသစ်ကျောင်းတိုက်ဆရာတော်နဲ့ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးတို့ အပြန်အလှန်တရားစွဲ တိုင်ကြားမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် စုံစမ်းရေးအဖွဲ့ မဟနဆရာတော်ကြီးတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့်  နှစ်ဘက်ကျေအေး လိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇွန်လ၇ရက်က ပဲခူးမြို့ ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်တော်မှာ ဂိုဏ်းပေါင်းစုံ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ၃ပါးက စစ်ဆေးခဲ့ပါတယ်။ အဲဒီလို နှစ်ဘက်စုံစမ်းစစ်ဆေးပြီးနောက်  ဘဝသစ်ဆရာတော်က သတင်းထောက် ကိုအောင်စိုးမိုးအပေါ် သာသနာညှိုးနွမ်းစေမှုအပါအဝင် ပုဒ်မ၄ခုအပြင် ကိုအောင်စိုးမိုးနဲ့ ဦးဇော်ခန့် (ခ)ကိုလွင်တို့ကို ပုဒ်မ၆၆(ဃ)နဲ့ပါ စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ဆရာတော်ကြီးတွေကို လှူဒါန်းကျေအေးခဲ့ပါတယ်။ ကိုအောင်စိုးမိုးဘက်ကလည်း ဘဝသစ်ဆရာတော်အပေါ် သံဃမဟာနာယက အပါအဝင် သမ္မတရုံးနဲ့ သာသနာရေးဝန်ကြီးဌာနမှာ တိုင်ကြားထားတာတွေအားလုံးကို ကျေအေးခဲ့ပြီး စွဲဆိုထားတဲ့အမှု အားလုံးအပေါ် ကျေအေးပေးဖို့ ဆရာတော်တွေရှေ့မှာ တောင်းပန်ခဲ့ပါတယ်။ ဘဝသစ်ဆရာတော်အနေနဲ့ ပဲခူးမြို့နယ်တရားသူကြီးရုံးမှာ ကိုအောင်စိုးမိုးအပေါ် တိုင်ကြားထားတဲ့အမှုတွေအားလုံးကို အမှုကျေအေးလွှာမှာ လက်မှတ်ထိုးပေးမယ်လို့ ဆရာတော်ကြီးတွေရှေ့မှာ အပြန်အလှန်ဝန်ခံကတိပေးပြီး ဆရာတော်ကြီးတွေကို အသိသက်သေ ထားကာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2 years Ago

August 23, 2018

ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးအမှု အာမခံ မရသေး

ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးရဲ့အမှု အာမခံလျှောက်ထားတဲ့အပေါ် ဆရာဝန်ကို မစစ်ဆေးရသေးလို့ အမိန့် မချမှတ်သေးဘူးလို့ ပဲခူးမြို့နယ် တရားသူကြီးက ပြောပါတယ်။ အမှုနဲ့ပတ်သက်လို့ ရန်ကုန်မြောက်ဥက္ကလာပဆေးရုံကြီးက ဆေးစာတင်ပြထားတာ ကြောင့် အာမခံမသေးဘဲ ဩဂုတ် ၃၁ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး တရားလိုနဲ့ ဆရာဝန်ကို စတင်စစ်ဆေးမယ်လို့ တရားသူကြီးက ပြောပါတယ်။ ကိုအောင်စိုးမိုးကို ပဲခူးမြို့ ဘဝသစ်ကျောက်တိုက်ဆရာတော်က အာမခံပေးလို့မရတဲ့ သာသနာညှိုးနွမ်းစေမှုအပါအဝင် ပုဒ်မ(၄)ခုနဲ့တရားစွဲဆိုထားတာဖြစ်ပြီး ဩဂုတ် ၂၃ ရက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာပါ။ တရားစွဲခံရတာနဲ့ပတ်သက်လို့ ဆရာတော်ကိုမဆဲခဲ့သလို သာသနာညှိုးနွမ်းစေအောင် ဘာမှမလုပ်ဘဲ လိမ်လည်တိုင်ကြားခံရတာဖြစ်တယ်လို့ ကိုအောင်စိုးမိုးက ရုံးထုတ်ပြန်လာချိန်မှာ ပြောဆိုခဲ့ပါတယ်။ "ဒီအမှုမှာက ကျနော်ဘာမှမလုပ်ဘဲနဲ့ အမှုဆင်ပြီးတော့ လိမ်လည်တိုင်ကြားခံရတာ ဖြစ်တယ်။ သာသနာညှိုးနွမ်းအောင်ဆိုတဲ့ပုဒ်မ တပ်တာကလည်း များလွန်းတယ်။ တကယ်တမ်း သာသနာကို ညှိုးနွမ်းအောင်လုပ်နေတာ ကျနော်လုပ်နေတာ မဟုတ်ဘူး။ ဒီဆရာတော်ပဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က မဆဲဘဲနဲ့ဆဲတယ်လို့ အတိုင်ကြားခံရတယ်။ တကယ်တမ်းဆဲနေတာက ဒီဆရာတော်ပဲဆဲနေတာ ပတ်ဝန်းကျင်အားလုံးသိတယ်"လို့ ကိုအောင်စိုးမိုးက ပြောပါတယ်။ ကိုအောင်စိုးမိုးကို တရားစွဲတာနဲ့ပတ်သက်လို့ အာမခံရရှိအောင် ပဲခူးတိုင်း သံဃ မဟာနာယက၊ မြို့နယ်သံဃမဟာနာယကအဖွဲ့နဲ့ ပဲခူးတိုင်း MJA အဖွဲ့တွေက မေတ္တာရပ်ခံ ထားတယ်လို့ ဘဝသစ်ဆရာတော်က မိန့်ပါတယ်။ ကိုအောင်စိုးမိုးအနေနဲ့ သံဃနာယက ဆရာတော်တွေရှေ့မှာ အရင်ကလည်း ဝန်ချတောင်းပန်ခဲ့ပေမယ့် နောက်တကြိမ် ကျူးလွန်တာဖြစ်လို့ တရားစွဲဆိုတိုင်ကြားတာလို့လည်း ဆရာတော်က မိန့်ပါတယ်။ ကိုအောင်စိုးမိုးကို ပဲခူးမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးအမှုအမှတ် ၄၃၆၄/၂၀၁၈နဲ့ ပုဒ်မ ၂၉၅-က၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၄၆၉ နဲ့ပုဒ်မ ၅၀၆ တို့နဲ့ စစ်ဆေးနေပါတယ်။ ဒါ့အပြင် ဆရာတော်ကတိုင်ကြားထားလို့ မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးအမှုအမှတ် ၃၄၃၂/၂၀၁၇ နဲ့တရားစွဲဆိုထားတာရှိပြီး ပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာ ရှိသလို အရင်ကလည်း ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုတခုလည်းရှိပါတယ်။ သတင်း/ဓာတ်ပုံ- စိုးမိုးအောင်
3 years Ago
Up