ဒီပဲယင်းဒေသခံ

August 8, 2021

ဒီပဲယင်းဒေသခံပြည်သူများ စစ်ဘေးနှင့် ရေဘေးကြောင့် ပြေးစရာ မြေမရှိဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဩဂုတ် ၈ ရက်မှာ စစ်တပ်က ဝင်ရောက်ပစ်ခတ်နေတဲ့အပြင် မူးမြစ်ရေတိုးပြီး ရေကြီးနေတာကြောင့် ဒေသခံတွေ အခက်အခဲ ဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။

မနေ့က စစ်ကောင်စီတပ်ရဲ့ ကားတန်း  ပျံကျရွာနားမှာ မိုင်းခွဲခံရပြီးနောက် ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်နေတာပါ။

"ဒီပဲယင်းမြိုနယ် အရှေ့ခြမ်းကျေးရွာတွေဆီကို အင်အားအများအပြားနဲ့ တရွာပြီးတရွာ ဝင်ရောက် နေပါတယ်။ လက်ယက်ကုန်းရွာနားမှာ သေနတ် ၃ ချက်ပစ်ဖောက်ပြီး မူခတွင်းရွာနားမှာ အချက် ၂၀ လောက် ပစ်ဖောက်ခြိမ်းခြောက်ပါတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးတော့ မရကန်၊ ညောင်လှကျေးရွာတို့ကို ဝင်ရောက်ပြီး ညောင်လှကျေးရွာ နမောကျောင်း မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

လက်ယက်ကုန်းကျေးရွာက ထွန်စက်မောင်းနေတဲ့ လူငယ် တစ်ယောက်ပစ်သတ်ခံရပြီး ညောင်လှကျေးရွာ နမောကျောင်းက ကျောင်းသား ၁၀ ယောက်လောက်ကိုလည်း ကြိုးတုပ်ဖမ်းဆီး သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒေသခံကျေးရွာသားတွေ ရှောင်တိမ်းပြေးလွှားနေကြရပါတယ်။ အခုတော့ မူးမြစ်ရေ တိုးနေတာကြောင့် နောက်ထပ်ပြေးဖို့ မလွယ်တော့ပါဘူး" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ညောင်လှရွာကနေ ဆိုင်ကယ် ၁၀ စီးလောက်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ပြီးတော့ ကုန်းကြီး၊ ဝဲကြီးကျေးရွာတွေဘက်ကို ဆက်ထွက်သွားတယ်လို့ ဒေသခံ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

4 months Ago
Up