ဒီပဲယင်းဒေသ

August 23, 2021

ဒီပဲယင်းဒေသကို အကြမ်းဖက်စစ်တပ်က ၀င်မွှေနေသဖြင့် တောင်သူများ စိုက်ပျိုးရေးကောင်းစွာ မလုပ်နိုင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ၀င်ရောက် မွှေနှောက်နေတာကြောင့် ဒေသခံတောင်သူ‌တွေ ထွက်ပြေးတိမ်းရှောင်နေရကာ စိုက်ပျိုးရေးကောင်းစွာမလုပ်နိုင်တာကြောင့်  စပါးပျိုးပင်တွေ ပျက်စီးဆုံးရှုံးများစွာ ဖြစ်ပေါ်နေကြရတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

ဒီပဲယင်းနယ်ဒေသခံတစ်ဦးက “ကျနော်တို့ ဒီပဲယင်းမြို့နယ်ကို ဩဂုတ်လ ၈ရက် နေ့ကတည်းကဝင်လာတယ်ဗျ။ ဒီ‌နေ့ ဩဂုတ် ၂၃ နေ့မှာလည်း ယဉ်ကျေးရွာကို စစ်ကောင်စီတပ်သားအများအပြား ၀င်ရောက်လာတဲ့အတွက် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေနေရတယ်ဗျ။ ကောက်ပင်လည်း ကောင်းကောင်းမစိုက်နိုင်။ ဒီလအပြီး စိုက်ပျိုးရမှာ‌ဗျ။ ဒီလိုသာ နေ့တိုင်း မွှေနေလိုကတော့ ပျက်စီးဆုံးရှုံးမှုတွေကတော့ ထောင်နဲ့ချီ ပျက်စီးကြရမှာ”လို့  ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေဟာ လယ်စိုက်ပျိုးလုပ်ငန်းကို အဓိက လုပ်ကိုင်နေရပြီး စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ်ထဲကို တပ်ဖွဲ့နှစ်စုခွဲကာရှာ ဖွေနေတာကြောင့် မဲအိုး ၊လက်ယက်ကုန်း ညောင်လှ၊ ဝဲကြီး၊ မူးရိုးကုန်း၊ တယ်တောစတဲ့ ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတောင်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ခါတိုင်းနှစ်တွေဆိုရင် ဒီအချိန် ပျိုးနုတ်ကောင်စိုက်တာ အကုန်ပြီးပြီဗျ။ ဒီနှစ်ကတော့ ပျိုးနုတ်တာလဲ မလုပ်နိုင်ဘူးဗျ။ ဒီကောင်တွေကတွေသမျှ လူအကုန်ဖမ်းတယ်၊ ရိုက်တယ်၊ ရွာတွေထဲ ဝင်ဖျက်ဆီးတယ်။ သူတို့လာတော့ ရွာသားတွေထွက်ပြေးနေရတော့ ဘယ်လိုမှ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ပါဘူးဗျ။ ကျနော်တို့ ဒီပဲယင်းမြို့နယ်ကတော့ ရွှေဘိုပေါ်ဆန်းမွှေးကို အဓိကစိုက်ပျိုးကြပေါ့။ ကျီးလန့်စာ စားနေရတာဆိုတော့ ဘယ်ကောက်မစိုက်နိုင်ကြဘူးလို့ တောင်သူတစ်ဦးကပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ မိုးစပါးလယ်စိုက်‌ဧက  တစ်သိန်းကျော်ရှိမယ်လို့ ခန့်မှန်း ရပါတယ်။

3 months Ago
Up