ဒီပေး

August 22, 2021

မော်ရင်ဟို ပွဲကစားခွင့်မပေးသဖြင့် မန်ယူနှင့် လမ်းခွဲခဲ့ရခြင်းဖြစ်ကြောင်း ဒီပေးပြော

ဟော်လန်တိုက်စစ်ကစားသမာ ဒီပေးကတော့ တချိန်တုန်းက မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရ တာက နည်းပြမော်ရင်ဟိုက ပွဲကစားခွင့်မပေးခဲ့တာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။ 

လက်ရှိ အချိန်မှာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာမှာကစားနေတဲ့ ဒီပေးဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မန်ယူအသင်းမှာ ကစားခဲ့ဖူးတာပါ။ 

ဟော်လန်နည်းပြ လူဝစ်ဗန်ဟားလက်ထက်မှာ ပြောင်းရွှေ့ခဲ့ပြီး နည်းပြမော်ရင်ဟို လက်ထက်မှာ ပွဲကစားခွင့်မရတာကြောင့် လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ 

ယူနိုက်တက် ကစားသမားဘဝရဲ့ ပထမဆုံးရာသီမှာ ပီအက်စ်ဗွီမှာ ကစားတုန်းကလို ခြေစွမ်းမရခဲ့တာမှန်ပေမယ့် ဒုတိယရာသီမှာတော့ အသင်းနဲ့ပိုပြီး အသားကျလာတယ်လို့ ခံစားခဲ့ရပေမယ့် နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး မော်ရင်ဟိုက လုံလောက်တဲ့ ပွဲကစားခွင့်မပေးခဲ့ဘူးလို့ ဒီပေးကပြောပါတယ်။ 

ပွဲကစားခွင့်မရတဲ့အပေါ် မော်ရင်ဟိုရဲ့ ရုံးခန်းအထိသွားပြီး ဆွေးနွေးခဲ့ပေမယ့် အကြောင်းထူးလာတာမျိုးမရှိခဲ့ကြောင်း၊ ထိပ်တန်းအသင်းကြီးမှာ လုပ်ခရယူပြီး ပွဲကစားခွင့် မရတဲ့အခြေအနေကို မလိုချင်တာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဒီပေးကပြောပါတယ်။

“ပေါ့ဘာနဲ့ ဇလာတန်အီဗရာဟီမိုဗစ်တို့ကတောင် ‘မင်းဘာလို့ အမြဲတမ်းပဲ ပွဲမကစားရတာဖြစ်နေရတာလဲ’ လို့ ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ ဒီစကားက ကျနော် အခွင့်အရေးမရခဲ့တဲ့ သက်သေတစ်ခုပါပဲ” လို့ ဒီပေးက ပြောပါတယ်။

4 months Ago
Up