ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးအသစ် ဆောက်လုပ်ဖို့အတွက် ဒီဇိုင်းတင်ဒါတွေ ခေါ်ယူခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ရွေးချယ်အတည်ပြုလိုက်ပါတယ်။
လွှတ်တော်အဆောက်အဦးသစ် ဆောက်လုပ်ဖို့အတွက် စီမံကိန်း (Master Plan) ပုံစံနဲ့ ဒီဇိုင်းပြိုင်ပွဲကို ကျင်းပခဲ့ရာမှာ ဒီဇိုင်းကုမ္ပဏီ ၂၂ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
မြန်မာနိုင်ငံ ဗိသုကာအသင်း ဒုဥက္ကဋ္ဌ နှစ်ဦး၊ မြန်မာနိုင်ငံဗိသုကာကောင်စီ အဖွဲ့ဝင် ၁ ဦး အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌ၊ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ နှစ်ဦး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး တို့ပါဝင်တဲ့ စိစစ်ရေးအဖွဲ့က ဒီဇိုင်း ၃ ခုကို ပမာဏရွေးချယ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ Amenity Group က တင်သွင်းတဲ့ ဒီဇိုင်းကို အတည်ပြုခဲ့တာပါ။
အသစ်ဆောက်လုပ်မယ့် လွှတ်တော်အဆောက်အအုံမှာ ပင်မ လွှတ်တော် အဆောက်အဦအပါအဝင်၊ လွှတ်တော်ရုံး အရာရှိ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းအိမ်ရာတွေပါ ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်ပါတယ်။
လွှတ်တော်အဆောက်အအုံအသစ်ဆောက်လုပ်မယ့်မြေနေရာကို ပုသိမ် လေတပ်စခန်းအနီး ဝန်ကြီးအိမ်ရာဘေးမှာ ယာယီသတ်မှတ်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ လွှတ်တော် အဆောက်အအုံမရှိတဲ့အတွက် လွှတ်တော်အစည်းအဝေးတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းက အခန်းတစ်ခုမှာ ကျင်းပပြုလုပ်နေရတာဖြစ်ပါတယ်။
6 years Ago