ဒီဇင်ဘာ ၈ ရက်

December 7, 2020

ဗြိတိန်တွင် ကိုဗစ်ကာကွယ်ဆေး ဒီဇင်ဘာ ၈ ရက်နေ့ စထိုးပေးမည်

ဗြိတိန်နိုင်ငံဟာ ဒီသီတင်းပတ်ထဲမှာ ဖိုက်ဇာ/ဘိုင်အိုအန်တက်ခ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လက်ခံရရှိမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာစေဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။  ဆရာဝန်တွေရဲ့ ဆေးခန်းတွေဆီ ကာကွယ်ဆေး ထိုးဆေးတွေကို မဖြန့်ခင် ဆေးရုံတွေမှာ ကာကွယ်ဆေး ထိုးနိုင်ဖို့ လုပ်နေတယ်လို့ အစိုးရက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။  အမျိုးသားကျန်းမာရေးဌာန NHS က  ပထမဆုံး ထိုးဆေးကို အင်္ဂါနေ့မှာ စပြီးထိုးနှံပေးမှာ ဖြစ်ပြီး အသက် ၈၀ကျော် နိုင်ငံသားတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ရှေ့တန်းကနေ ပြုစုကုသ ပေးနေရတဲ့ ကျန်းမာရေးလုပ်သားတွေ၊ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူတွေနဲ့ ဝန်ထမ်းတွေ ကို ဦးစားပေး ကာကွယ်ဆေးထိုးပေးမှာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်ဟာ ဖှိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ် သုံးဖို့ အရင်အပတ်က အတည်ပြုပေးခဲ့တာပါ။  စုစုပေါင်းအနေနဲ့ ဗြိတိန်က ကာကွယ်ဆေး ထိုးဆေးလုံးရေ သန်း ၄၀ မှာယူထားပြီး လူတိုင်း တယောက်ကို ထိုးဆေး ၂ လုံး ထိုးရမှာပါ။  ဒါကြောင့် လူဦးရေ ၆၇ သန်းရှိတဲ့ နိုင်ငံအတွင်း လူသန်း ၂၀ ကာကွယ်ဆေး ထိုးနှံဖို့ လုံလောက်ပါတယ်။  ဒီဇင်ဘာ ပထမပတ်အတွင်းမှာ ကာကွယ်ဆေး ထိုးဆေးလုံးရေ ၈ သိန်းရဖို့ မျှော်လင့်ထား ပါတယ်။  ကနဦးထိုးဆေးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံကနေ ရောက်လာမှာဖြစ်ပြီး နိုင်ငံတလွှား နေရာ အသီးသီးမှာ သိုလှောင်ရင်း အရည်အသွေး စစ်ဆေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 
5 months Ago
Up