ဒို့တာဝန်အရေး ၃ ပါး ဦးထိပ်ပန်ဆင်ရန်

February 20, 2020

ဒို့တာဝန်အရေး ၃ ပါး ဦးထိပ်ပန်ဆင်ရန် ချင်းတိုင်းရင်းသားများကို ကာချုပ်တိုက်တွန်း

ချင်းတိုင်းရင်းသားတွေအနေနဲ့ ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး  ချင်းလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေတွေကို ထိန်းသိမ်း မြှင့်တင်ကာ ပြည်ထောင်စုကြီးရဲ့အလှကို ဖန်တီးပုံဖော်ပေးကြဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်တာပါ။  ချင်းတိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုကြီးအား ငြိမ်းချမ်းသာယာ ၀ပြောပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။  ချင်းလူမျိုးတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ ဥမကွဲ၊ သိုက်မပျက် အတူတကွလက်တွဲနေထိုင်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တယ်၊  နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတွေမှာလည်း ချင်းလူမျိုး မျိုးချစ် ပုဂ္ဂိုလ်ကြီးတွေက ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈  ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး မျိုးနွယ်စုအကြီးအကဲဖြစ်တဲ့ တိုက် သူကြီးများ အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကို ကချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ် နှစ်စဉ် ကျင်းပတာဖြစ်ပါတယ်။
1 year Ago
Up