ဒါးလော့

A d v e r t i s e m e n t With Us

March 17, 2020

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာမယ့်သူပါ - ဒါးလော့

ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာနိုင်တယ်လို့ အသင်းဖော် ဒီယေဂိုဒါးလော့က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။  ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပါတယ်။ သူဟာ မန်ယူနိုက်တက်အသင်းအတွက် အပြောင်းအလဲ ကြီးကြီးမားမား  ဖြစ်စေခဲ့သူ ဖြစ်ပြီး ဖေဖော်ဝါရီလအတွက် မန်ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုအပြင် ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ  မန်ယူနိုက်တက်အသင်းအတွက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၉ ပွဲ ပွဲထွက်ခွင့်ရရှိထားပြီး ၃ ဂိုးသွင်းကာ ၄ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။  ဒါ့ကြောင့် တနိုင်ငံသားတည်းသားအနေနဲ့ သူ့ရဲ့လက်ရှိပုံစံကောင်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် နောင်တချိန်မှာ မန်ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာနိုင်တယ်လို့ ဒါးလော့က Officaial Manchester United Podcast နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။  “သူဟာ မယုံကြည်နိုင်လောက်အောင်ကို ထူးချွန်တဲ့သူပါ၊ ဒီထက်ပိုပြီး တိုးတက်မှု ရှိလာပါဦးမယ်။ သူ ဒီအသင်းကနေ သင်ယူစရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးကို ရရှိလိုက်တာ ဖြစ်ပြီးတော့ သူဟာ အသင်းအတွက် တကယ်ကို ကောင်းတဲ့ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ သူဟာ ဂန္ထဝင်ကစားသမား ဖြစ်လာမယ့်သူပါ။ ကျနော် ဒီကိစ္စအတွက်  သံသယမရှိပါဘူး။” ဒါ့အပြင် ဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ “အသက် ၂၅ နှစ်အရွယ်နဲ့ အီတလီ၊ ပေါ်တူဂီ စတဲ့ လိဂ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူဘာလုပ်နေလဲဆိုတာကို သေသေချာချာ သိရှိထားသူဖြစ်ပြီးတော့ ဒါဟာ သူ့အတွက် တကယ်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။” ဖာနန်ဒက်စ် ရောက်ရှိလာခြင်းနဲ့အတူ ယူနိုက်တက်အသင်းဟာ တစတစ ခြေစွမ်း တိုးတက်လာခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။
12 months Ago
Up