မန်ယူအသင်း တာဝန်ရှိသူတွေကို ကျေးဇူးတင်တယ်လို့ အေဂျက်ဇ်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ နောက်ခံလူ ဒါလေဘလင်းက နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဘလင်းဟာ ၂၀၁၄ ခုနှစ်က အေဂျက်ဇ်ကနေ မန်ယူအသင်းကို ပေါင် ၁၄ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာတာပါ။
မန်ချက်စတာယူနိုက်တက်အသင်းလို ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းမှာ အစိတ်အပိုင်းတခုအနေနဲ့ ကစားခဲ့ရတဲ့အပြင် ဆုဖလား ၄ လုံးလည်း ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ်မိတယ်လို့ ဘလင်းက ပြောပါတယ်။
အသင်းမန်နေဂျာ၊ နည်းပြနဲ့ ဆေးအဖွဲ့တွေ အပါအဝင် မိမိကို အသင်းမှာ အံဝင်ခွင်ကျဖြစ်အောင် ကူညီပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပြီး အားလုံးကို သတိရနေမှာဖြစ်တယ်လို့ ဘလင်းက သူ့ရဲ့ နှုတ်ဆက်စာမှာ ရေးသားခဲ့ပါတယ်။
အေဂျက်ဇ်အသင်းအနေနဲ့ ဘလင်းအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်း ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်မှုအပေါ်မူတည်ပြီး ပေါင် ၁၈ ဒသမ ၅ သန်းအထိ ပေးချေရနိုင်တယ်လို့ သိရပါတယ်။
နောက်ခံလူ ဘလင်းဟာ နည်းပြမော်ရင်ဟို ရောက်ရှိလာပြီးနောက်ပိုင်း မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။ ၄ နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၁၄၁ ပွဲကစားပြီး ၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။
5 years Ago