ဒါဘီပွဲစဉ်

October 24, 2020

ဒါဘီပွဲစဉ်တွင် အားနည်းသည့် ရီးရဲလ်အသင်းကို မြင်တွေ့ရမည်မဟုတ်ဟု ဘာကာနည်းပြပြော

ရီးရဲလ်မက်ဒရစ်အသင်း ရှုံးပွဲဆက်နေပေမဲ့  အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ အားနည်းတဲ့ အသင်းဖြစ်လာမှာမဟုတ်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခွဲ မှာ  ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ကာဒစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှက်တာဒိုးနက်ကို ရူံးနိမ့်ခဲ့တာပါ။  ရလဒ်ဆိုးရွားနေပေမဲ့လည်း အားနည်းတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ မထင်ကြောင်းနဲ့ ရီးရဲလ်ကစားသမားတွေက အတွေ့အကြုံရှိပြီး ဖိအားတွေအောက်ကနေ ရုန်း ထွက်နိုင်ကြလိမ့်မယ်လို့ နည်းပြ ကိုးမန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းခေါင်းဆောင် ရာမို့စ်ပြန်လည်ပါဝင်မှာဖြစ်ပြီး ဘာစီလိုနာမှာလည်း နောက်ခံလူ ပီကေးနဲ့ ဂျော်ဒီအယ်လ်ဘာတို့ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။ 
7 months Ago

March 2, 2020

မန်ချက်စတာဒါဘီပွဲ လူစာရင်းတွင် ပေါ့ဘာ ပါဝင်လာဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လာမယ့် သီတင်းပတ်မှာ အသင်းကြီးနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ဖွယ်ရှိပြီး မန်ချက်စတာ ဒါဘီပွဲစဉ်မှာလည်း ပါဝင်လာနိုင်‌တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။  အသက် ၂၆ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီ ယူနိုက်တက်ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့သူဖြစ်ပြီးတော့ စက်တင်ဘာလနောက်ပိုင်း လိဂ်ပွဲစဉ်နှစ်ခုသာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီဇင်ဘာမှာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့လမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပြင်သစ်သတင်းစာ L’Equipe မှာ ဖော်ပြထားချက်အရ ပေါ့ဘာဟာ မတ် ၈ ရက်မှာ ကစားမယ့် မန်ချက်စတာဒါဘီမှာ ပါဝင်နိုင်ဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေပြီး နောက်တပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ကတော့ ပိုသေချာတယ်လို့ ဖော်ပြထားပါတယ်။  ဒါ့အပြင် ဒဏ်ရာက ပြန်ကောင်းလာကစ ပေါ့ဘာကို ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်ချမ့်ကလည်း မတ်လထဲမှ ကစားမယ့် ခြေစမ်းပွဲ လူစာရင်းတွေထဲက ချန်လှပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။  ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းဟာ ယူကရိန်း၊ ဖင်လန်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ပြင်သစ်နည်းပြက ပေါ့ဘာသာ မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်မှာ မပါဝင်နိုင်ရင် သူ့ကို အရဲစွန့်ပြီးသုံးဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။  ပေါ့ဘာဟာ ဒဏ်ရာကနေ လျင်လျင်မြန်မြန် ပြန်သက်သာလာတာဖြစ်ပြီး ကလပ် ဘရုဂေးနဲ့ ကစားခဲ့ပြီးတဲ့ ကြာသပတေးနေ့ ပွဲစဉ်မတိုင်ခင်အထိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပေါ့ဘာ ပြန်လာမယ့်အချိန်ကို မသိရှိဘူးလို့ ဝန်ခံပြောဆိုထားပါတယ်။  အခု သီတင်းပတ်အစောပိုင်းမှာ ပေါ့ဘာဟာ ရေကူးကန်ထဲက ပုံတွေနဲ့ gym ကပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မကြာခင် ပြန်လာတော့မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။  ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအစောပိုင်းမှာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူအားဖြည့်ထားပြီး ကစားသမားကလည်း အချိန်တိုအတွင်း အသင်းမှာ အထိုင်ကျခဲ့တာကြောင့် သူနဲ့ ပေါ့ဘာရဲ့ တွဲဖက်မှုအပေါ် ယူနိုက်တက်ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်မျှော်ရမှာပဲ ဖြစ်ပါတယ်။  ပေါ့ဘာရဲ့ ယူနိုက်တက် အနာဂတ်ဟာ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေပြီး သူ့အေးဂျင့်ဖြစ်သူနဲ့ ယူနိုက်တက်နည်းပြတို့ ပြဿနာဖြစ်ဖူးသလို ယူနိုက်တက်ရဲ့ အစဉ်အလာ ပြိုင်ဘက်ကို ထုတ်ဖော်ချီးကျူးခဲ့မှုကြောင့်လည်း သူ့အပေါ် ယူနိုက်တက် ပရိသတ်တချို့က စိတ်ကွက်ဖူးပါတယ်။
1 year Ago
Up