ဒါဘီကောင်တီ

October 20, 2020

ကိုဗစ်-၁၉ ကူးစက်ခံရခြင်း မရှိသော်လည်း ကွာရန်တင်းဝင်ရမည့်အပေါ် ရွန်းနီ ပေါက်ကွဲ

ကိုဗစ်-၁၉ ရောဂါစစ်ဆေးချက်မှာ negative ဖြစ်ခဲ့တယ်လို့ ဝိန်းရွန်းနီက လူမှုကွန်ရက်ပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တစုံတဦးရဲ့ ပယောဂကြောင့် သီးသန့်ခွဲခြား နေထိုင်နေရတဲ့အပေါ်မှာ စိတ်ပျက် ဒေါသထွက်မိတယ်လို့လည်း မန်ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်ကြီး ရွန်းနီက ပြောပါတယ်။  အသက် ၃၄ နှစ်အရွယ် ရွန်းနီဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့ ကစားသမား၊ နည်းပြအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူနဲ့ မမျှော်လင့်ဘဲ ထိတွေ့ခဲ့ပါတယ်။ ဘန်လေနောက်ခံလူ ဖီးလ်ရဲ့ညီဖြစ်သူ ဂျို့ရှ်ဘတ်စ်လေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရွန်းနီ အိမ်ကို လာပြီး နာရီတစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်စ်လေဟာ အိမ်မှာပဲနေကာ သူ့ရဲ့ဆေးစစ်မှု ရလဒ်ကို စောင့်ဖို့ NHS Track and Trace အဖွဲ့ရဲ့ အကြံပြုခြင်းကို ခံထားရသူ ဖြစ်ပါတယ်။  ဆေးစစ်ချက်အရ အသက် ၂၁ နှစ်အရွယ် ဘတ်စ်လေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူနဲ့ထိတွေ့မိသူအားလုံးဟာ မဖြစ်မနေ ကွာရန်တင်း ဝင်ရောက်ရတော့မှာ ဖြစ်ပါတယ်။ ကွာရန်တင်းဝင်ရမယ့်လူတွေထဲမှာ ရွန်းနီလည်း ပါဝင်နေပြီး ဒီအခြေအနေကြောင့် သူဟာ ဒါဘီအသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ သူဟာ ကြံ့ခိုင်ရေးကောင်းနေပေမယ့် လာမယ့် သောကြာနေ့မှာ နော့တင်ဟမ်ဖောရပ်စ်အသင်းနဲ့ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။  ရွန်းနီက “ကျနော့်မှာ ဗိုင်းရပ်စ်ပိုးမရှိဘူးဆိုတဲ့ သတင်းကိုရရှိခဲ့ပါတယ်။ ဒီသတင်းကြောင့် ကျနော်ကိုယ်တိုင်နဲ့ မိသားစုအတွက် ဝမ်းသာမိပေမဲ့ ကွာရန်တင်းဝင်ရတာ ဒါဘီအသင်းအတွက် အရေးပါတဲ့ ပွဲတွေကို လွဲချော်ရတော့မှာဖြစ်တာကြောင့် စိတ်ပျက်ဒေါသထွက်မိပါတယ်” လို့  လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ရွန်းနီဟာ ဘတ်စ်လေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဒေါသထွက်နေပြီး ဘတ်စ်လေ ကိုယ်တိုင်ကလည်း သူကိုယ်တိုင် သတိမထားမိဘဲ ပြဿနာတွေ ဖြစ်စေခဲ့တယ်လို့ ရွန်းနီရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ဆေးစစ်မှုရလဒ်မှာ negative ဖြစ်ခဲ့ပေမယ့်လည်း ဒါဘီအသင်းဟာ လာမယ့်ဟက်ဒါဘီး၊ ဖောရက်စ် ဒါမှမဟုတ် ကောဒစ်ဖ်အသင်းတွေနဲ့ တွေ့ဆုံမယ့် ပွဲစဉ်တွေမှာ ရွန်းနီကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။  ထွက်ပေါ်လာတဲ့ သတင်းအခြေအနေတွေမှာ ကလပ်အသင်းအနေနဲ့ အစိုးရနဲ့ လိဂ်တာဝန်ရှိသူတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်သွားမယ်လို့လည်း ဒါဘီအသင်းက ထုတ်ပြန်ကြေညာပါတယ်။
6 months Ago

March 6, 2020

မန်ယူနိုက်တက်က ဒါဘီကောင်တီကို ၃ ဂိုးပြတ်နိုင်ပြီး အက်ဖ်အေဖလား ကွာတားတက် (ရုပ်သံ)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဒါဘီကောင်တီကို ၃ ဂိုးပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီပွဲမှာ အဓိက ကစားသမားအချို့ကို ပွဲထုတ်ခဲ့ပါတယ်။  ဒါဘီအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းမှာ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရွန်နီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့ပြီး အထူးခြေစွမ်းကစားခဲ့တာ တွေ့ရပါတယ်။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူးသစ် အီဂါလိုက ၂ ဂိုးနဲ့ လုရှောက ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ရွန်နီက မန်ယူနိုက်တက်ဘက်ကို ဖရီးကစ် နှစ်ကြိမ်ကန်သွင်းခွင့်ရခဲ့ပြီး ဂိုးသမား ရိုမီရို အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ အခုလို ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်အောက်ဆုံးက နော့ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ပရီးမီးယားလိဂ်အသင်းတွေ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး လက်စတာနဲ့ ချဲလ်ဆီး၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်စီးတီးအသင်းတွေ အသီးသီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ မတ်လ ၂၁ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာပါ။
1 year Ago
Up