ဒါကာကဖေး ပစ်ခတ်မှုဖြင့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲများက အသေပစ်သတ် (ရုပ်သံ)

January 7, 2017

ဒါကာကဖေး ပစ်ခတ်မှုဖြင့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲများက အသေပစ်သတ် (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ် ရဲတွေက မြို့တော် ဒါကာက သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဇန်န၀ါရီ ၆ ရက်နေ့က အစ္စလာမ္မစ် စစ်သွေးကြွ ၂ ဦးကို အသေပစ်ခတ်ခဲ့ပါတယ်။ သေဆုံးသူထဲက တယောက်က မနှစ်က မြို့တော် ဒါကာက ကဖေးဆိုင်ထဲမှာ နိုင်ငံခြားသား အများစုပါတဲ့ ဓားစာခံ အယောက် ၂၀ ကို သတ်ဖြတ်မှုအတွက် အဓိက သံသယရှိသူပါ။ အသက် ၃၀ အရွယ် နူရူး အစ်လန် မဲရီးယန်ဟာ ဂျမတ် အူ မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) အုပ်စုခွဲရဲ့ တပ်မှူးပါ။ အသက် ၃၅ နှစ်အ၇ွယ် ဆက်ဒမ် ဟူစိန်ကတော့ စစ်သွေးကြွဖြစ်ပြီး ၂ ယောက်လုံး သေတယ်လို့ ဒါကာမြို့ အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ ဟူစိန်ဟာ ဂျပန်နိုင်ငံသား တယောက် အပါအဝင် မြောက်ပိုင်းဒေသက သတ်ဖြတ်မှုတွေ အများစုကို ကျူးလွန်ခဲ့သူတွေရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရဲတွေဟာ မဲရီးယန်းရဲ့ ဇနီးကို တခြား အမျိုးသမီး စစ်သွေးကြွ သံသယရှိသူ ၂ ဦးနဲ့အတူ မြို့တော် ဒါကာမှာ ဖမ်းခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း နိုင်ငံခြားသားတွေကို တိုက်ခိုက်မှုက ရှားပါတယ်။ ဒါပေမယ့် လတ်တလော နှစ်တွေအတွင်း အစ္စလာမ္မစ် အကြမ်းဖက်မှုတွေ တိုးလာပြီး ဘာသာရေး စစ်သွေးကြွတွေကို အွန်လိုင်းကနေ ဝေဖန်သူတွေကို အသေခုတ်သတ်မှုတွေ ပေါများလာခဲ့ပါတယ်။ ဒါကာမြို့တော် ကဖေးဆိုင် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ် စစ်သွေးကြွ အနည်းဆုံး အယောက် ၄၀ ကို ရဲတွေက လိုက်ရှာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးပါပြီ။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံထားတယ်ဆိုတဲ့ JMB အဖွဲ့ကို ပြီးခဲ့တဲ့ ၂ နှစ်လုံး ရဲတပ်ဖွဲ့က အကြိမ်ရေ အတော်များများ တိုက်ခိုက်ခဲ့ပါတယ်။
5 years Ago
Up