ဒလိုင်းလားမား

April 11, 2019

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ဆေးကုသမှုခံယူ

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားဟာ ရင်ဘတ်အောင့်တဲ့ ဝေဒနာကြောင့် ဧပြီ ၉ ရက်နေ့က နယူးဒေလီဆေးရုံကို တက်ရောက်ကုသခဲ့ပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာတော့ သူ့ရဲ့နောက်လိုက်တွေဟာ ဒလိုင်းလားမား ပြန်လည်ကျန်းမာစေဖို့ ဆုတောင်းမေတ္တာ ပို့ခဲ့ကြပြီး လက်ထောက်ဖြစ်သူက ဒလိုင်းလားမားရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒလိုင်းလားမားဟာ ဆေးစစ်ခံခဲ့ပြီး ဆေးရုံမှာ ရက်အနည်းငယ် နေရမယ်လို့ သူ့ရဲ့ ကိုယ်ရေးအတွင်းရေးမှူးက ပြောပါတယ်။ နယူးဒေလီဆေးရုံကတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေကို လျှို့ဝှက်ထားရမယ့် ကျင့်ဝတ် ရှိတယ်လို့ ပြောပြီး တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အသက် ၈၃ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားဟာ တရုတ်အစိုးရ အုပ်ချုပ်မှုကို တော်လှန်တဲ့ အရေးတော်ပုံ မအောင်မမြင်ဖြစ်ပြီးနောက် ၁၉၅၉ ခုနှစ် အစောပိုင်းမှာ အိန္ဒိယကို ထွက်ပြေးပြီး အိန္ဒိယမြောက်ပိုင်း ဒါရမ်ရှာလာမြို့လေးမှာ ပြည်ပြေးအဖြစ် နေထိုင်နေတာပါ။ အိန္ဒိယနိုင်ငံမှာ တိဘက်အနွယ် တသိန်းဝန်းကျင် နေထိုင်နေပြီး တိဘက်လူမျိုး အတော်များများက ဒလိုင်းလားမားနဲ့အတူ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတိုက်ပွဲ ပြီးဆုံးသွားမှာကို စိုးရိမ်နေကြပါတယ်။
3 years Ago

March 20, 2019

တရုတ်အစိုးရ ရွေးချယ်မည့် ဒလိုင်းလားမား မည်သူမျှ လေးစားမည်မဟုတ်ဟု ပြော

ဒလိုင်းလားမား လူဝင်စားဟာ အိန္ဒိယမှာဖြစ်နိုင်ပြီး တရုတ်အစိုးရ ရွေးချယ်တဲ့ ဒလိုင်းလားမားကို ဘယ်သူမှ လေးစားမှာမဟုတ်ဘူးလို့ အသက် ၈၃ နှစ်အရွယ် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒါရမ်ရှာလာမြို့လေးမှာ လာဆာမှ လွတ်မြောက်ခြင်း နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ပြီး နောက်တရက်မှာ ဒလိုင်းလားမားက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ “ဒလိုင်းလားမား ပြန်ဝင်စားတဲ့ကိစ္စကို တရုတ်အစိုးရက သိပ်အရေးကြီးတယ်ဆိုပြီး ယူဆထားတာ။ နောက်ဝင်စားမယ့် ဒလိုင်းလားမားကိစ္စကို ကျုပ်ထက်ပိုပြီး သူတို့က စိတ်ပူတယ်။ ကျုပ်က စိတ်မပူပါဘူး။ အနာဂတ်မှာ ဒလိုင်းလားမားနှစ်ယောက် ပေါ်လာပါပြီတဲ့။ တယောက်က လွတ်လပ်တဲ့ ဒီနိုင်ငံက ဖြစ်မယ်။ ကျန်တယောက်ကတော့ တရုတ်အစိုးရက ရွေးတာ။ အဲဒါဆိုရင် တရုတ်အစိုးရရွေးတဲ့ တယောက်ကို ဘယ်သူမှ ယုံကြည်မှာမဟုတ်ဘူး။ ဘယ်သူမှ လေးစားမှာ မဟုတ်ဘူး။ ဒါက တရုတ်လူမျိုးတွေအတွက် နောက်ထပ်ပြဿနာတခုပဲ။ "ကျုပ်ဒီမှာသေသွားရင် တိဘက်ဒေသ အခြေအနေက ဒီအတိုင်းဖြစ်နေမှာပဲ။ ချုပ်ခြယ်မှုတွေ ရှိမယ်။ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ တိဘက်ပြည်သူတွေရဲ့ သင်ယူမှုအပေါ်မှာ ထိန်းချုပ်မယ်။ ဒီတော့ အဲဒီလိုနေရာမျိုးမှာ ဒလိုင်းလားမား ပြန်ဝင်စားဖို့ဆိုတာ ကျုပ်တော့  ဖြစ်နိုင်မယ်မထင်ဘူး။ တိဘက်ပြည်သူ အများစုက ဒီအင်စတီကျူးရှင်းကို ဆက်ပြီး ရှိစေချင်ရင် အင်စတီကျူးရှင်းက ဆက်ရှိနေမှာပဲ။ ဒါဆိုရင် ၁၅ ယောက်မြောက် ဒလိုင်းလားမား လူဝင်စားကိစ္စအတွက် မေးခွန်းတွေရှိလာပြီ" လို့ ဒလိုင်းလားမားက ဆိုပါတယ်။ ဆက်လက်ပြီး သူက "တရုတ်ပြည်က ယဉ်ကျေးမှုအစဉ်အလာကြီးတဲ့ အင်အားကြီးနိုင်ငံပါ။ ဒါပေမယ့် နိုင်ငံရေးစနစ်က အကြွင်းမဲ့ အာဏာရှင်စနစ်ပဲ။ လွတ်လပ်မှု မရှိဘူး။ ဒီတော့ ကျုပ်က ဒီိအိန္ဒိယမှာပဲ ဆက်နေချင်တယ်။ ကျုပ်တို့ရဲ့စွမ်းအားက အမှန်တရားပေါ်မှာ အခြေခံတယ်။ တရုတ်ရဲ့စွမ်းအားက သေနတ်ပေါ် အခြေခံတယ်။ ဒီတော့ ရေတိုမှာ သေနတ်က အစွမ်းထက်ပေမယ့် ရေရှည်မှာတော့ အမှန်တရားက ပိုစွမ်းအားကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တိဘက်ဒေသမှာ တရုတ်အစိုးရရဲ့ အုပ်ချုပ်မှုကို တော်လှန်ရာမှာ အရေးနိမ့်ပြီးနောက် ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ် အစောပိုင်းက အိန္ဒိယကို ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒလိုင်းလားမားဟာ ဝေးလံလှတဲ့ တိဘက်ဒေသမှာ ဘာသာစကားနဲ့ ယဉ်ကေျးမှု လွတ်လပ်ခွင့်ရရေးအတွက် တကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။
3 years Ago
More News
Up