ဒရုန်းတိုက်ခိုက်မှု

November 24, 2022

စစ်ကိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ခင်ဦးတွင် လူငယ် ၂ ဦးကို စစ်တပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ် သိမ်ချောင်းကျေးရွာကို မီးရှို့ပြီးအပြန်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်မဟာ တပ်ရင်းမှူး ကိုသက်ကြီးက “တိုက်တာက ပေါက်မ​ကျေးရွာဘက် ထွက်လာတဲ့ စခတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ သူတို့ သရက်ခြံထဲ နားနေတဲ့အချိန်ကို တိုက်ခိုက်ခဲ့တာ။ (--)အသေကတော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ စစ်ကိုင်းတပ်ရင်း ၃၃ က တပ်ဖြစ်ပြီး သိမ်ချောင်းရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့ခဲ့ပြီး အပြန်မှာ အခုလို တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့က အဲဒီစစ်တပ်ကို ဒရုန်းအသုံးပြုပြီး မိုင်း ၃ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကိုင်းမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေ၊ စစ်ကောင်စီယာဉ်တန်းတွေကို အကြိမ်အရေအတွက် အများဆုံး တိုက်ခိုက်နိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်လို့လည်း ဒေသခံ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာအနီး နတ်ကြီးကုန်း ထန်းတောတဲက ဒေသခံပြည်သူ ၂ ဦးကို နိုဝင်ဘာ ၂၃ ရက် နေ့လယ်က စစ်ကောင်စီတပ် ဝင်ရောက်ပြီး ရွာသားတဦးကို ဦးခေါင်းဖြတ် သတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ် မုံလှ သာဝတ္ထိ ရေဦးမြို့နယ် ပင်စိမ်းခင်းကနေ စစ်ကြောင်းထိုးရင်း အခုလို ကျေးရွာအတွင်း ဝင်ရောက်သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “သူတို့က ခင်ဦးမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ အင်အား ၈၀ လောက်ပါတယ်။ စစ်ကြောင်းထိုးရင်း ကံသာယာနတ်ကြီးကုန်း ထန်းတောတဲက အပြစ်မဲ့ပြည်သူတဦးကို ဇက်ဖြတ်သတ်သွားတယ်။ အမည်က မောင်ထွန်းထွန်းဝင်း၊ အသက်က ၂၇။ နောက်တဦးကတော့ ၅ တန်းကျောင်းသားလေးပါ။ သူ့ကိုတော့ သေနတ်နဲ့ တေ့ပစ်သတ်သွားတယ်။ သူ့အမည်က မောင်ရဲမင်းနောင်၊ အသက်က ၁၄ နှစ်ပါဗျ။ အဲ့အလောင်းတွေကို ကျနော်တို့ တွေ့ရတာက မနေ့က ညနေပိုင်းက စ(--)တွေ ထွက်သွားတော့ ရွာထဲဝင်ရှာလို့ အဲ့အလောင်းတွေကို တွေ့ရတယ်ဗျ။ နောက်ပြီး သူတို့က ဗအိုးရွာမှာ ညအိပ်တယ်။ ဒီနေ့ ဗအိုးရွာ အ‌ေနာက်မြောက်ဘက်ကို စစ်ကြောင်းထိုးမယ်ထင်တယ်” လို့ ပြောပါတယ်။

ဗအိုးကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ဒီနေ့မနက် ၇ နာရီမှာ ဗအိုး အနောက်မြောက်ဘက် ဦးတည်ထွက်ခွာလာပြီး အင်တိုင်းကြီးမြောက်ဘက် လယ်ပံတောအနီး ရောက်ရှိနေကာ ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 weeks Ago

November 10, 2022

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းဝင်းအတွင်းကို‌ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မနက် ၈ နာရီခွဲမှာ ဗုံးသီး ၂ လုံး၊ ၁၀ နာရီလောက်မှာ ဗုံး ၄ လုံးတို့ကို ဒရုန်းတွေမှာ ချိတ်ဆွဲပြီး ပစ်ချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Black Eagle Defence Force-MMU တာဝန်ရှိသူတယောက်က “စုစုပေါင်း ဗုံးသီး ၆ လုံး သုံးတယ်။ စခန်းထဲက သူတို့ရှိမယ့် အဓိကကျတဲ့ နေရာတွေကို ရွေးချယ်ပစ်ချခဲ့တာပါ။ စကစဘက်က အထိခိုက် အသေပျောက်တွေ ရှိတယ်လို့ပဲ ကနဦး သိထားရပါတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကျောက်ရစ်ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle Defence Force-MMU၊  မြင်းမူမြို့နယ် ပကဖ၊ Farmer Revolution Force CHU (FRF)၊ မြောင်မြို့နယ် တော်လှန်ရေးတပ်-Myaung Revolution Army တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို T.G.R Women Drone Force က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

4 weeks Ago
More News
Up