ဒရာမာရုပ်ရှင်

June 3, 2020

ကိုဗစ်အလွန် နယူးဇီလန်တွင် ပထမဆုံးရိုက်ကူးသည့်  ဒရာမာရုပ်ရှင် - Poppy 

နယူးဇီလန် ဒရာမာရုပ်ရှင်ကားဖြစ်တဲ့ Poppy ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့ပြီးနောက်မှာတော့ ဒါဟာ ကိုဗစ်-၁၉ ကပ်ကာလအလွန် နိုင်ငံတွင်း ပထမဆုံးရိုက်ကူးခွင့်ပြုတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်။ ဒီရုပ်ရှင်ကားဟာ ရိုက်ကူးရေးပြီးစီးဖို့ နောက်ဆုံးသီတင်းပတ် ရောက်ရှိနေချိန်မှာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အဆင့် ၄ လို့ သတ်မှတ်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ရပ်နားထားခဲ့ရတာပါ။ ဒီကားကတော့ မျိုးဗီဇဆိုင်ရာ ဒေါင်းရောဂါ - Down Syndrome နဲ့ မွေးဖွားလာတဲ့ မိန်းကလေးငယ်တယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဒီအခြေအနေကြောင့် ငြင်းပယ်ခံလိုက်ရချိန်မှာ သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ဖို့ ဆုံးဖြတ် ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ လင်ဒါနစ်ကိုးလ်က ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။  လက်ရှိမှာတော့ အချိန် ၆ ရက်တာ ရိုက်ကူးမှုတွေ ဆက်လက်လုပ်ဆောင်အပြီး လာမယ့် ဇွန် လ ၄ ရက်နေ့မှာတော့ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ နယူးဇီလန် ရုပ်ရှင်ကော်မရှင်(အဲန်ဇက်အက်ဖ်စီ)ကတော့ “ရုပ်ရှင်ရိုက်ကူးရေး ၆ ရက်စလုံးကို မြောက်ပိုင်းကျွန်း ကာပီတိကမ်းရိုးတန်းပေါ်က သီးသန့်ရှုတင်တခုမှာပဲ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင် ၃ ယောက်အပါအဝင် ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း အစိုးရရဲ့ လူမှုအလှမ်းခွာနေထိုင်မှု စည်းမျဉ်းတွေအရ လျှော့ချထားခဲ့ပြီး တယောက်နဲ့ တယောက် တတ်နိုင်သမျှ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ပြင်ဆင်ရပါတယ်” လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်မှုလုပ်ငန်းတွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အဆင့် ၂ အခြေအနေလို့ သတ်မှတ်နိုင်ခဲ့ကာ တချို့လုပ်ငန်းတွေကို ဖြေလျှော့မှုတွေ လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကြီး Avatar ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ဟာလည်း စတူဒီယိုမှာ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ နယူးဇီလန်နိုင်ငံကို ရောက်ရှိနေပြီး လုပ်ငန်းမစတင်ခင်မှာ မြို့တော် ဝယ်လင်တန် ဟိုတယ်တခုမှာ ကွာရန်တင်း ၁၄ ရက် ဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅၀၄ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်ထိ ရှိနေတာ ဖြစ်ပါတယ်။
1 year Ago

March 6, 2020

စိတ်ဝင်စားဖွယ် ဆယ်ကျော်သက်မိန်းကလေး ၂ ဦးရဲ့ ဇာတ်လမ်းရုပ်ရှင်-Never Rarely Sometimes Always(နမူနာ)

စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Never Rarely Sometimes Always အမည်ရတဲ့ ရုပ်ရှင်ကို မကြာခင်မှာ ရုံတင်ပြသ သွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးသွားမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Eliza Hittman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ကျေးလက်ဒေသမှာ နေထိုင်တဲ့ Autumn နဲ့ Skylar တို့ ဆယ်ကျော်သက် ညီအစ်မဟာ ထင်မှတ်မထားပဲ ရရှိခဲ့တဲ့ ကိုယ်ဝန်ကြောင့် ဒါကို ဖြေ ရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကူကယ်ရာမဲ့တဲ့ အခြေ အနေနဲ့ ရင်ဆိုင်ကြရချိန်မှာတော့ ဘယ်လိုဖြေရှင်းကြမလဲ၊ ပြည်နယ်ဖြတ်ကျော်ပြီး နယူး ယောက်မြို့ဆီ ထွက်လာခဲ့ကြချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ အဲဒီနောက်ကွယ် မှာ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာတွေကို ဘယ်လို အလှည့်အပြောင်းတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့ မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Ryan Eggold ၊ Talia Ryder ၊ Sidney Flanigan ၊ Théodore Pellerin စတဲ့ သရုပ် ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့် ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။  IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Sundance Film Festival ၊  Berlin International Film Festival တွေမှာ ကနဦးပြသခဲ့ပြီး ဆုတွေလည်း ရရှိထားခဲ့ ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံမှာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။
1 year Ago
More News
Up