ဒရင့်ဝါးတား

A d v e r t i s e m e n t With Us

January 8, 2020

ချဲလ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတား အက်စတွန်ဗီလာကို အငှားဖြင့် ပြောင်းရွှေ့

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒန်နီဒရင့်ဝါးတားဟာ အက်စတွန်ဗီလာအသင်းကို ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။  ဒရင့်ဝါးတားဟာ အခုရာသီရဲ့ ပထမရာသီဝက်ကို  ဘန်လေအသင်းမှာ အငှားသွားရောက်ခဲ့ရသူ ဖြစ်ပြီး ဒီအငှားစာချုပ်ဟာ ဇန်နဝါရီ ၆ ရက်နေ့ ပြည့်သွားခဲ့ပြီ ဖြစ် ပါတယ်။  ဒါကြောင့် သူဟာ ဗီလာအသင်းကို ထပ်မံပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ သူ့လစာရဲ့ တစိတ်တပိုင်းကို ပေးချေရမှာပါ။  သူဟာ စည်းမျဉ်းစည်းကမ်းအရ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် အသင်းဟောင်း လက်စတာအသင်းနဲ့ ကာရာဘောင် ဆီးမီဖိုင်နယ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး မန်စီတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာမှ ဗီလာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။  ဗီလာအသင်းဟာ ဒရင့်ဝါးတားရဲ့ ချဲလ်ဆီးအသင်းဖော် အိုလီဗီရာဂီရော့ဒ်ကို ခေါ်ယူဖို့လည်း ဆက်သွယ်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်း အချင်းချင်း ကစားသမား နှစ်ဦးကို အငှားခေါ်ခွင့်မရှိတဲ့ စည်းမျဉ်းကြောင့် ဗီလာနည်းပြ ဒင်းစမစ်ဟာ ဒရင့်ဝါးတားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ဆရာဟောင်း ကွန်တီနဲ့  အင်တာမီလန်အသင်းမှာ ပြန်လည်လက်တွဲမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  ဒရင့်ဝါးတားဟာ ဘန်လေအသင်းကို နွေရာသီထဲက ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် ဒူးဒဏ်ရာ၊ နိုက်ကလပ်အပြင်ဘက် တိုက်ခိုက်ခံရမှုတွေကြောင့် ပွဲထွက်ခွင့် အတော်များများ မရရှိခဲ့ပါဘူး။  ဒါပေမဲ့ အက်စတွန်ဗီလာအသင်းဘက်ကတော့ ဒရင့်ဝါးတားဟာ ပထမအသင်းမှာ ချက်ချင်း အထိုင်ကျမယ်လို့ ယုံကြည်နေပြီး ဒူးဒဏ်ရာကြောင့် မတ်လအထိ အနားယူရမယ့် ကွင်းလယ်လူ ဂျွန်မက်ဂျင်းရဲ့နေရာမှာ အစားထိုးဖို့ မျှော်လင့်နေပါတယ်။  အင်္ဂလန် ကွင်းလယ်လူ ဒရင့်ဝါးတားဟာ ၂၀၁၅-၂၀၁၆ ရာသီ လက်စတာအသင်း ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲခဲ့စဉ်က အသင်းအတွက် အရေးပါတဲ့ ကွင်းလယ်လူတဦးအဖြစ် ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။
1 year Ago
Up