ဒယ်ဂူ

April 10, 2020

တောင်ကိုရီးယားတွင် ဧပြီ ၁၀ ရက်နေ့ ကိုရိုနာကူးစက်သူမရှိ၊ ကူးစက်နှုန်း ကျဆင်း

ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ  ဒယ်ဂူမြို့မှာ ဧပြီ ၁၀ ရက်က ပထမဆုံး ထပ်မံကူးစက်သူ မရှိဘဲ နိုင်ငံတဝန်းမှလည်း ကူးစက်သူတွေဟာ  စံချိန်တင် ကျဆင်းနေပါတယ်။  တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သောင်းကျော် ရှိပြီး  ဒယ်ဂူမြို့မှာတော့ ကူးစက်သူ ၆,၈၀၀ ကျော် ရှိတဲ့အတွက် တနိုင်ငံလုံးရဲ့ ထက်ဝက်ကျော် ကူးစက်တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားမှာ သေဆုံးသူက ၂၀၈ ယောက် ရှိပါတယ်။ ဧပြီ ၉ ရက်အထိ နိုင်ငံတဝန်းမှာ ထပ်မံကူးစက်သူ  ၂၇ ယောက် ရှိပြီး ဒါဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းက တနေ့ကို ထပ်မံကူးစက်သူ  အယောက် ၉၀၀ ကျော်တဲ့ နေ့စဉ်ကူးစက်သူတွေနဲ့ နှိုင်းယှဉ်ရင် ကူးစက်သူ ထပ်မံကျဆင်းနေတယ်လို့ တောင်ကိုရီးယား ဒုကျန်းမာရေးဝန်ကြီးက ပြောပါတယ်။   ဖေဖော်ဝါရီ နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ ဒယ်ဂူမြို့ဘုရားကျောင်း ကူးစက်တာကနေ ကူးစက်ခံရသူ တဟုန်ထိုး မြင့်တက်ခဲ့ပြီး  တောင်ကိုရီးယားရဲ့ ကူးစက်သူ အရေအတွက်ဟာ တရုတ်ပြီးရင် ဒုတိယ အများဆုံး ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့ နိုင်ငံတဝန်း ဗိုင်းရပ်စ် ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးတာတွေနဲ့  တယောက်နဲ့တယောက် ခပ်ခွါခွါနေတဲ့ အစီအမံတွေ ချမှတ်ပြီးနောက်မှာ ကူးစက်သူအရေအတွက် လျော့ကျခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago

March 7, 2020

တောင်ကိုရီးယားပြန် မြန်မာကျောင်းသူ ၁၀ ဦးလုံး ကိုရိုနာဗိုင်းရပ်စ်မတွေ့ဟု ကျန်းမာရေးထုတ်ပြန်

သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာ ၂ ယောက်နဲ့ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ကပြန်လာတဲ့ မြန်မာကျောင်းသူ ၁၀ ယောက်လုံးမှာ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီနေ့ညနေပေးပို့လာတဲ့ ဓာတ်ခွဲအဖြေတွေ အရ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုကုသခံနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ ဆိုပါတယ်။ ကိုရီးယားနိုင်ငံက ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ယောက်ကို ရန်ကုန် ဝေဘာဂီဆေးရုံကြီးမှာ သီးသန့်ထားပြီး ၁၄ ရက် စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ ဖျားတာ၊ မောပန်းတာ၊ ချောင်းဆိုးသွေးပါတာ စတဲ့လက္ခဏာတွေ ခံစားရလို့ ပုဂ္ဂလိကဆေးရုံတခုမှာ ကုသခဲ့ပြီး မတ် ၆ ရက်မှာတော့  ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ရောက်လာခဲ့တာပါ။ သူဟာ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိပေမယ့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာတွေ တွေ့ရလို့ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ပြီ သီးခြားထားကုသပေးသလို သူ့ဆီက ဓါတ်ခွဲနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) ကို ပေးပို့စစ်ဆေးခဲ့တာပါ။ သူဟာ မတ် ၆ ရက် ညနေမှာ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်ကတော့ မတ် ၅ ရက်မှာ တရုတ်နိုင်ငံ ရွှေလီကနေ မန္တလေးကိုသွားနေတုန်း လားရှိုးအရောက်မှာ အသက်ရှူကြပ် မောလာလို့ ည ၉ နာရီလောက်မှာ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့ပါတယ်။ သူ့ကိုတော့ သံသယလူနာအဖြစ်သတ်မှတ်ပြီး သီးခြားထား ကုသဖို့ ဆောင်ရွက်ခဲ့သလို သူ့ဆီက ဓာတ်ခွဲနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဆီကို ပေးပို့ စစ်ဆေးခဲ့ပါတယ်။ သူကတော့ မတ်လ ၅ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်မှာပဲ နှလုံးကြီးတာ၊ နှလုံး ကောင်းကောင်းအလုပ်မလုပ်တာ၊ ဆီးချိုနဲ့ အဆုတ်ရောင်ရောဂါတို့ကို သေသေချာချာ မကုသ ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။  
1 year Ago
Up