ဒဗလျူအိတ်ခ်ျအို

January 26, 2016

ဇီကာဗိုင်းရပ်စ် အမေရိကတိုက်နိုင်ငံများအားလုံး ပျံ့နှံ့နိုင်ဟု ဒဗလျူအိတ်ခ်ျအို သတိပေး

တောင်အမေရိကတိုက်က နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဇီကာ (Zika) ဗိုင်းရပ်စ်ဟာ တောင်အမေရိကတိုက် နိုင်ငံတွေတင် မဟုတ်ဘဲ အမေရိကတိုက်နိုင်ငံတွေ အားလုံးနီးပါးပါ ကူးစက်နိုင်တယ်လို့ ဒဗလျူအိတ်ခ်ျအို အဖွဲ့ကြီးက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ သတိပေး ပြောဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးကို တောင်အမေရိက၊ မြောက်အမေရိကနဲ့ ကာရစ်ဘီယံဒေသ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ တွေ့ရှိနေရပြီး ဦးခေါင်းသေးငယ်ပြီး ဉာဏ်ရည်မပြည့်တဲ့ ကလေးတွေ ထောင်နဲ့ချီ မွေးဖွားမှုနဲ့ ဆက်စပ်နေတာပါ။ ဒါကြောင့် တောင်အမေရိကနဲ့ အလယ်အမေရိကတိုက် နိုင်ငံတချို့မှာ မိခင်တွေ ၂၀၁၈ ခုနှစ်အထိ ကိုယ်ဝန်မဆောင်ကြဖို့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်အထိ ဒီ ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ကုသဆေး မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို ကနဦး အာဖရိကမှာ ပထမဆုံးတွေ့ရှိတဲ့ ဗိုင်းရပ်စ်ဖြစ်ပေမယ့် ၂၀၁၅ မေလနောက်ပိုင်း ဘရာဇီးနိုင်ငံမှာ စတင်ကူးစက် ပျံ့နှံ့နေတာ တွေ့ရှိခဲ့တာပါ။ တောင်အမေရိကတိုက် နိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ကို သဘာဝအလျောက် ခံနိုင်ရည်မရှိတဲ့အတွက် လူတွေကို လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့တာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း အစိုးရတွေက ယုံကြည်နေကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ခြင်ကနေ ကူးစက်တာဖြစ်ပြီး ကူးစက်ခံရမှု ၈၀ ရာခိုင်နှုန်းလောက်က အနည်းငယ် နေမကောင်းဖြစ်တဲ့ လက္ခဏာက လွဲလို့ ထူးထူးခြားခြား လက္ခဏာ မပြသဘူးလို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း ဉာဏ်ရည်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ် ၄၀၀၀ လောက် ရုတ်တရက် မြင့်တက်ခဲ့ပြီး ကလေးတွေရဲ့ ဦးနှောက်ထဲမှာ ဒီဗိုင်းရပ်စ်ကို တွေ့ရှိရတာပါ။
7 years Ago
Up