အေစီမီလန် ဂန္ထဝင်ကစားသမားကြီး မာလ်ဒီနီရဲ့ သားဖြစ်သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲမှာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ မာလ်ဒီနီရဲ့ သားဖြစ်သူ ဒန်နီယယ် မာလ်ဒီနီဟာ ဘိုင်ယန်နဲ့ ခြေစမ်းပွဲမှာ လူစားဝင် ကစားသွားခဲ့တာပါ။
ဒါကြောင့် မာလ်ဒီနီရဲ့ မျိုးဆက်သုံးဆက်တိုင်အောင် အေစီမီလန် အသင်းကြီးမှာ ပါဝင်ကစားနိုင်တဲ့ မှတ်တမ်းတခုလည်း ရရှိသွားပါတယ်။
နောက်ခံလူဟောင်း ပေါ်လို မာလ်ဒီနီရဲ့ ဖခင်ဖြစ်သူ ဆီဇာ မာလ်ဒီနီဟာလည်း ၁၉၅၄ ကနေ ၁၉၆၆ ခုနှစ်အထိ အေစီမီလန်အသင်းမှာ ၁၂ နှစ်ကြာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ ဂန္ထဝင် နောက်ခံလူတဦး ဖြစ်ပါတယ်။
သားဖြစ်သူ ပေါ်လိုမာလ်ဒီနီ လက်ထက်မှာလည်း ဖခင်ရဲ့ခြေရာကို နင်းနိုင်ခဲ့တဲ့အပြင် ၂၅ နှစ်ကြာအထိ အေစီမီလန်အသင်းမှာပဲ ပါဝင်ကစားခဲ့တာပါ။
အဘိုးနဲ့ ဖခင်က နောက်ခံကစားသမားတွေ ဖြစ်ခဲ့ပေမယ့်လည်း ဒန်နီယယ် မာလ်ဒီနီကတော့ တောင်ပံကစားသမားတဦး ဖြစ်ပါတယ်။
ပေါ်လိုမာလ်ဒီနီရဲ့ အကြီးဆုံးသားဖြစ်သူဟာလည်း ဘောလုံးသမားတဦး ဖြစ်ပေမယ့် အေစီမီလန်အသင်းမှာ ပွဲထွက်ကစားခွင့် မရခဲ့ဘဲ စီးရီးစီမှာ သွားရောက်ကစားနေပါတယ်။
အသက် ၁၇ နှစ်အရွယ် ဒန်နီယယ် မာလ်ဒီနီ ဖခင်နဲ့ အဘိုးရဲ့ခြေရာ နင်းနိုင်မလား ဆိုတာကတော့ လာမယ့်ရာသီမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
2 years Ago