ဒဏ်ရာသက်သာ

March 5, 2020

ဟယ်ရီကိန်းဒဏ်ရာသက်သာမှ ချန်ပီယံလိဂ်အိပ်မက် ရှင်သန်နိုင်မည်ဟု စပါးနည်းပြဟောင်း သုံးသပ်

တိုက်စစ်မှူး ဟယ်ရီကိန်းသာ ဒဏ်ရာမြန်မြန်သက်သာလာခဲ့မယ်ဆိုရင် စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှင်သန်လာနိုင်စရာရှိတယ်လို့ စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က သုံးသပ်လိုက်ပါတယ်။  စပါးအသင်းခေါင်းဆောင်ဟာ အသင်းကို မောင်းနှင်နိုင်တဲ့ အစွမ်းအစရှိနေသူလို့လည်း ရက်နက်က ယုံကြည်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ နှစ်သစ်ကူးနေ့မှာ ရရှိခဲ့တဲ့ တင်ပါးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီကုန်ချိန်အထိ အနားယူရတော့မယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။  ဒါပေမဲ့ မော်ရင်ဟိုကတော့ ကိန်းရဲ့ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ကောင်းမွန်လာကာ တိုက်စစ်မှူးဟာ ရာသီမကုန်ခင် ပွဲစဉ်တချို့မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  မော်ရင်ဟိုရဲ့စပါးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၅ မှတ် အကွာကို ရောက်ရှိနေပြီး ရက်နက်ကတော့ ဟယ်ရီကိန်းရဲ့ မောင်းနှင်အားကြောင့် စပါးအသင်းဟာ ချဲလ်ဆီးအသင်းကို အမီလိုက်နိုင်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။ စပါးအသင်းဟာ ထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ ပစ်မှတ်ထားနေပြီး ကိန်းကတော့ ဒီလိုဖြစ်ဖို့အတွက် သူ့အသင်းကို ဦးဆောင်မှုပေးနိုင်တယ်လို့ ရက်နက်က ပြောပါတယ်။  “တော့တင်ဟမ်အသင်းမှာ ကောင်းမွန်တဲ့ လူစာရင်းတခု ရှိနေပါတယ်။ သူတို့ဟာ ဒဏ်ရာ ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပေမယ့် လက်ရှိလူစာရင်းအရ အဆင့်လေးအတွင်း ဝင်ဖို့ မလုပ်နိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ ကိန်းအမြန်ဆုံး ပြန်လည်သက်သာလာရင် ပိုပြီးတော့ ကောင်းမွန်မှုဖြစ်ပေါ်လာစရာ ရှိပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားကောင်း တဦးပါ။” မော်ရင်ဟိုဟာ စပါးအသင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပိုချက်တီနိုလက်ထက် အသင်းရဲ့ခြေစွမ်းကျဆင်းနေမှုတွေကို အကောင်းဆုံးပြုပြင်နိုင်ခဲ့ကာ စပါး အသင်းကို အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ နှစ်ဦးကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရပြီး သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ရက်နပ်ကတော့ မော်ရင်ဟိုဟာ စပါးအသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေး နိုင်တဲ့ နည်းပြကောင်းတဦး ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
2 years Ago
Up