ဒဏ်ငွေဆောင်ရ

November 2, 2019

အမျိုးသမီးများကို ဈေးနှုန်းမပါသည့်မီနူး ပေးသည့် ပီရူးစားသောက်ဆိုင် ဒဏ်ငွေဆောင်ရ

စုံတွဲတွေ လာထိုင်ရင် အမျိုးသမီးဖြစ်သူကို ဈေးနှုန်းမပါတဲ့ မီနူးပေးလေ့ရှိတဲ့ ပီရူးနိုင်ငံက စားသောက်ဆိုင်တခုကို အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဒေါ်လာ ၆၂၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ La Rosa Nautica လို့ ခေါ်တဲ့ ဒီစားသောက်ဆိုင်ဟာ နိုင်ငံခြားသားတွေ၊ ဒေသခံ လူကုံထံတွေကြား နာမည်ကြီးတဲ့ စားသောက်ဆိုင်ဖြစ်ပြီး မြို့တော်လီမာမှာ တည်ရှိပါတယ်။  ဒီဆိုင်ဟာ စုံတွဲတွေ လာထိုင်ရင် အမျိုးသားတွေကို အပြာရောင်မီနူးကို ပေးပြီး အမျိုးသမီးတွေကိုတော့ ရွှေရောင်မီနူးကို ပေးပါတယ်။ အပြာရောင်မှာ အစားအသောက် ဈေးနှုန်းတွေကို အသေးစိတ်‌ ဖော်ပြထားပေမယ့် ရွှေရောင်မီနူးမှာတော့ ဘာဈေးမှကို ရေးသားထားခြင်း မရှိပါဘူး။  ဆိုင်ဘက်က ဒါဟာ အမျိုးသမီးတွေအတွက် သာယာတဲ့ ညနေခင်း တွေ့ဆုံမှုလေးမှာ ဈေးနှုန်းအတွက် စိုးရိမ်စရာမလိုဘဲ ကုန်ဆုံးနိုင်ဖို့ ဖြစ်တယ်လို့ ချေပပေမယ့် ပီရူးအာဏာပိုင်တွေကတော့ ဒါဟာ ကျား၊ မ ခွဲခြားမှုသက်သက် ဖြစ်တယ်လို့ ယူဆပါတယ်။  ဒါ့ကြောင့် အမျိုးသမီးတိုင်းကိုလည်း အမျိုးသားတွေလိုမျိုး မီနူးသာ ပေးသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပီးရူးကာကွယ်ရေးအဖွဲ့က စားသောက်ဆိုင်ကို ဒေါ်လာ ၆၂၀၀၀ ဒဏ်ရိုက်ခဲ့တာပါ။ “ဒီလို ကိစ္စသေးသေးလေးတွေကတောင် အမျိုးသမီးတွေကို ထိခိုက်စေနိုင်ပါတယ်” လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။  ဒဏ်ငွေအပြင် စားသောက်ဆိုင်အနေနဲ့ ဘယ်သူ့ကိုမဆို တူညီတဲ့ မီနူးပဲပေးဖို့၊ ဝန်ထမ်းတွေကို ပြန်လည်လေ့ကျင့်ပေးပြီး စားသောက်ဆိုင်မှာ ‘ခွဲခြားဆက်ဆံမှုကို လက်ခံမည်မဟုတ်’ လို့ အဓိပ္ပာယ်ရတဲ့ စာတန်းကို ကပ်ထားဖို့ကိုလည်း ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ စိတ်ကူးနဲ့ သူ့ရဲ့ဆန်းသစ်မှုဟာ အနည်းငယ် ထူးဆန်းနေပေမယ့် ဒီလိုမျိုးကိစ္စမျိုးဟာ အခုမှ ပထမဆုံးအကြိမ်ဖြစ်တာတော့ မဟုတ်ပါဘူး။ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ နာမည်ကျော် L’Orangerie စားသောက်ဆိုင်ဟာလည်း ဒီလိုမျိုး မီနူး ရွေးချယ်တဲ့ပုံစံကို ကျင့်သုံးခဲ့ဖူးပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေမှာဖြစ်တဲ့ ဒီအမှုမှာလည်း စားသောက်ဆိုင်ပိုင်ရှင်တွေဟာ တရားစွဲခံခဲ့ရပြီးတော့ ဒီလိုမျိုး အမျိုးသမီးတွေအတွက် ဈေးနှုန်းမပါတဲ့ မီနူးတွေ ချပေးတာကို ပယ်ဖျက်လိုက်ရပါတယ်။ Ref: OC
2 years Ago
Up