ဒဏ်ခတ်ပိတ်ဆို့

December 9, 2022

စရဖရုံးနဲ့ စစ်ကောင်စီ ခြေမြန်တပ်မ ၂ ခုကို ယူကေအစိုးရက ပိတ်ဆို့ဒဏ်ခတ်အရေးယူ

တပ်မတော်အမည်ခံ မြန်မာအကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊  ခြေမြန်တပ်မ ၃၃ နဲ့ ခြေမြန်တပ်မ ၉၉ တို့ကို ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်မှာ ကြေညာပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို လေးစားသမှုပြုရင်း ယူကေအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်မံ ချမှတ်လိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခု ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးဟာ  နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေးလုပ်ရာမှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေကို အဓိကကျူးလွန်သူဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ဟာလည်း ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လိင်အကြမ်းဖက်တာ အပါအဝင် တခြားအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက “လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ ယူကေနိုင်ငံက ဉီးဆောင်သူဖြစ်အောင် လုပ်ပြနိုင်တာကို ကျနော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျနော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ် ရပ်တည်နေပါတယ်။ ကျနော်တို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်က သူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနှင့် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်မြားစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံရှာထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းပြုလုပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းရှိ အကျင့်ပျက်ခြစားသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပစ်မှတ်ထားအရေးယူတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှုပုံစံကြီး တခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ယူကေအစိုးရက ဆိုပါတယ်။

မြန်မာနိုင်ငံ စစ်အုပ်စုဝင် လူပုဂ္ဂိုလ် အယောက် ၃၀ နဲ့ အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအဖြစ် ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။

2 months Ago

June 3, 2022

ရုရှားအပေါ် အီးယူက ၆ ကြိမ်‌မြောက် ဒဏ်ခတ်ပိတ်ဆို့

ဥရောပသမဂ္ဂ (အီးယူ) က ရုရှားရေနံနဲ့ ထိပ်တန်းဘဏ် Sberbank အပေါ် တင်းကျပ်တဲ့ အရေးယူမှုတွေ အပါအဝင် ရုရှားအပေါ် ၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုကို ဇွန် ၂ ရက်က အတည်ပြုခဲ့ပါတယ်။

အီးယူခေါင်းဆောင်တွေဟာ မေ ၃၁ ရက်မှာ ပြီးဆုံးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ရုရှားအပေါ် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူအရ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ 

ရုရှားရေနံအပေါ် ‘တစိတ်တပိုင်း ပိတ်ဆို့ခြင်း’ နဲ့ ရုရှားရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ Sberbank ကို နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု အများစုအတွက် အသုံးပြုတဲ့ SWIFT ငွေပေးချေမှုစနစ်ကနေ ထုတ်ပယ်ခြင်းတွေ ပါဝင်ပါတယ်။

အီးယူစည်းမျဉ်းတွေအရ ပိတ်ဆို့အရေးယူမှုတွေကို အကျိုးသက်ရောက်စေဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံလုံးက တညီတညွတ်တည်း သဘောတူဖို့လည်း လိုအပ်ပါတယ်။

ဟန်ဂေရီနိုင်ငံက အစီအမံတွေရဲ့ အစိတ်အပိုင်းတွေကို ကန့်ကွက်ခဲ့ပြီးနောက်မှာ နဂိုမူလစီစဉ်ထားသလို ဇွန် ၁ ရက်မှာ ဆန်ရှင်လုပ်မယ့် အစီအစဉ်ကို အတည်မပြုနိုင်ခဲ့ပါဘူး။ 

ချက်ချင်းအကျိုးသက်ရောက်မှုကတော့ ရုရှားကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ပါလီမန်အဆောက်အအုံအတွင်းကို ဝင်ရောက်ခြင်းကနေ တားမြစ်ခံရမှာဖြစ်ကြောင်း ဥရောပပါလီမန်ဥက္ကဋ္ဌ ရိုဘာတာ မက်ဆိုလာက ဇွန် ၂ ရက်က လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ကလည်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ဇွန် ၂ ရက်မှာပဲ ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပိတ်ဆို့အရေးယူမှုအသစ်ဟာ အမေရိကန်ရဲ့ နောက်ထပ်လုပ်ဆောင်မှုတခု ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ဟာ ရုရှားအစိုးရနဲ့ စီးပွားရေးတာဝန်ရှိသူတွေကို အဓိကပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရင်းနှီးတဲ့ ချမ်းသာတဲ့ ရုရှားစီးပွားရေးသမားတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေးဌာနကလည်း နည်းပညာတွေနဲ့ ရုရှားနိုင်ငံကလိုအပ်တဲ့ တခြားပစ္စည်းတွေကို ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

အမေရိကန်အစိုးရဟာ ရုရှားနဲ့ ဘီလာရုစ်တို့က ပါတီပေါင်း ၇၁ ခုကို တားမြစ်ပိတ်ပင် ကန့်သတ်စာရင်းထဲမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ကို အမေရိကန်ရဲ့ နည်းပညာတွေ သို့မဟုတ် ဆော့ဖ်ဝဲလ်ကနေထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို အသုံးပြုခွင့် တားမြစ်ထားပါတယ်။

8 months Ago
More News
Up