ဟောင်ကောင်ရဲ့အရှုံးပေါ်နေတဲ့ ဒစ္စနေလန်းအပန်းဖြေဥယျာဉ်ကို ဇွန် ၁၈ ရက်မှာ ဧည့်သည်အရေအတွက်အကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့ပါတယ်။
ဒီလို ပြန်ဖွင့်ရာမှာ နှာခေါင်းစည်းတပ်တာမျိုး၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေတာမျိုး စတဲ့ ကျန်းမာရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဟောင်ကောင်ဒစ္စနေလန်းကို ဇန်နဝါရီလနှောင်းပိုင်းမှာ ပိတ်ခဲ့ရတာပါ။
အခုလို ပြန်ဖွင့်ရာမှာတော့ ဈေးဝယ်နေရာနဲ့ စားသောက်ဆိုင်နေရာတွေမှာ လက်ခံနိုင်တဲ့ ဧည့်သည်အရေအတွက် လျှော့ချထားပြီး တန်းစီနေရာနဲ့ ဥယျာဉ်အတွင်းက အဆောက်အအုံတွေမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေရေးအစီအမံတွေ အကောင်ထည်ဖော်သွားမယ်လို့ ဟောင်ကောင် ဒစ္စနေလန်းက ပြောဆိုပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေးဖျန်းတာကို ခါတိုင်းထက် ပိုမိုလုပ်ဆောင်ပြီး ဧည့်သည်တွေ လက်သန့်ဆေးရည် သုံးအောင်နိုင် စီစဉ်သွားမှာလည်း ဖြစ်ပါတယ်။
ကမ္ဘာတဝန်း တခြားမြို့ကြီးတွေနဲ့ မတူဘဲ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ အရေအတွက် အနည်းငယ်သာ ရှိပြီး ပိုးတွေ့သူ ၁၁၀၀ ကျော်နဲ့ သေဆုံးသူ ၄ ယောက်သာ ရှိ ပါတယ်။
တရုတ်နဲ့ နယ်စပ်ကို ပိတ်ထားဆဲ ဖြစ်ပေမယ့် ဟောင်ကောင်မှာ သွားလာလှုပ်ရှားတာတွေ အရင်အခြေအနေ ဖြည်းဖြည်းချင်း ပြန်ဖြစ်လာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago