ဒစ္စနေးရုပ်ရှင်များ

A d v e r t i s e m e n t With Us

March 27, 2020

ESPN အားကစားရုပ်သံလိုင်းတွင် သောကြာနေ့တိုင်း ဒစ္စနေးရုပ်ရှင်များ အစားထိုး ပြသမည်

နာမည်ကျော် အားကစားရုပ်သံလိုင်းတခုဖြစ်တဲ့ ESPN ရုပ်သံလိုင်းမှာ အပတ်စဉ် သောကြာနေ့တိုင်း ဒစ္စနေးရုပ်ရှင်ကားတွေကို အစားထိုး ပြသသွားမယ်လို့ သိရပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အားလုံးလိုလိုမှာ ကပ်ရောဂါအသွင်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အားကစားပွဲတွေကို ရပ်နားထားခဲ့ရတဲ့အတွက် ပုံမှန်ထုတ်လွှင့်ပြသနေတဲ့ အားကစားပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေနေရာမှာ ခုလို ရုပ်ရှင်တွေ ပြသဖို့ စီစဉ်ခဲ့တာပါ။ ခုတပတ် သောကြာမှာတော့  Major League Baseball (MLB) ကစားပွဲတွေ ရွှေ့ဆိုင်းခဲ့မှုနဲ့အတူ ဝါရင့်အမေရိကန် ဘေ့စ်ဘောစတား ဂျင်မ်မောရစ်စ်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ Sports Drama ရုပ်ရှင် The Rookie ကို စတင်ပြသွားမှာပါ။ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားထဲမှာတော့ အထက်တန်းကျောင်းတကျောင်းမှ ဘေ့စ်ဘောနည်းပြ ဂျင်မ်မောရစ်စ်တယောက် မေဂျာလိဂ်စတားတယောက် ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာတွေကို ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့အတူ အားကစားလောက နောက်ခံအခင်းအကျင်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ နောက်တပတ် သောကြာ ဧပြီလ ၃ ရက်နေ့မှာတော့ The Glory Road ကို ပြသသွားမှာဖြစ်ပြီး တခြားရုပ်ရှင်တွေဖြစ်တဲ့ Miracle ၊ Invincible ၊ Secretariat နဲ့ The Greatest Game Ever Played စတဲ့ ရုပ်ရှင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိ ကမ္ဘာ့တလွှား ကိုရိုနာဗိုင်းရပ်စ်ကူးက်ခံရသူ ဦးရေဟာ ၅၃၂၂၂၄ ဦးရှိနေပြီး သေဆုံးသူ ၂၄၀၈၇ ဦးရှိခဲ့ပြီဖြစ်ကာ ပြန်လည်ကောင်းမွန်လာသူ ၁၂၄၃၂၆ ဦးရှိပြီဖြစ်တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကတော့ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ဖို့ တတ်နိုင်သမျှ အိမ်ထဲမှာသာ နေထိုင်ကြဖို့၊ တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။
11 months Ago
Up